The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများ သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည့်သတင်း

နေပြည်တော် ၂၀၁၈ ခုနှစ်၊ မေလ (၅) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နှင့် တာဝန်ရှိသူများ လိုက်ပါလျက်   ၂၀၁၈ ခုနှစ် ၊ မေလ ၅  ရက်နေ့ ၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းလွန် လုပ်ကွက် အမှတ် A-1 နှင့် A-3 တို့ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၏ သဘာဝဓာတ်ငွေ့ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန် ရှိသူများက သဘာဝဓာတ်ငွေ့ရှာဖွေ ၊ တူးဖော်၊ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေ  ပြည်ပသို့တင်ပို့ရောင်းချနေမှုအခြေအနေ၊ ပြည်တွင်းသို့ ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊  ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီဆောင် ရွက် ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သိရှိလိုသည်များ အား မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံ ရရှိလာစေရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်း လုပ်ငန်းခွင်အတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှု အခြေအနေနှင့် ထိန်းချုပ်ခန်း အတွင်း သဘာဝဓာတ်ငွေ့ ထိန်းချုပ်ပို့လွှတ်​ပေးနေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိလာသော သဘာဝ ဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ Daewoo International Corporation ၊ ONGC Videsh Ltd. ၊ GAIL (India) Ltd. ၊ Korea Gas Corporation တို့နှင့်အတူ China National United Oil Corporation မှ သဘာဝဓာတ်ငွေ့တင်ပို့ခြင်းနှင့် ဝယ်ယူ ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို (၂၄-၁၂-၂၀၀၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းစီမံကိန်းမှ ထွက်ရှိလာသော သဘာဝဓာတ်ငွေ့ကို့ ပြည်တွင်း၌ အသုံးပြုရန် ဖြန့်ဖြူး ပေးနေသည့်အပြင် ကုဗပေသန်း(၄၀၀)အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  အချင်း လက်မ ၄၀ အရွယ်အစားရှိ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် နေ့စဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
05-May-2018