နေပြည်တော် ၊ ၂၀၁၈ ခုနှစ်၊ မေလ (၆) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ မေလ ၅ ရက်နေ့ ၊ မွန်းလွဲပိုင်းတွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ သူဌေးချောင်း ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄)တည်ဆောက်ရေး မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်း ပုံစံငယ်အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး စီမံကိန်း ရှင်းလင်းဆောင်တွင် တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းမှ စီမံကိန်း ဆိုင်ရာ အချက်အလက်များ ၊ စီမံကိန်းအဓိကလုပ်ငန်းကြီးများအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစန်းဝေမှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြုသွားရန်နှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
၎င်းနောက် အမှတ်(၂)ရေလွှဲဥမင်လိုဏ်အဝင်ပိုင်းနှင့် ရေထိန်းတံခါးပြွန်တူးဖော်ခြင်း လုပ်ငန်း၊ ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဥမင်လိုဏ် ခိုင်ခန့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အထွက်ပိုင်း ကွန်ကရစ် သွန်းလောင်း နေမှုအခြေအနေများအား ဥမင်လိုဏ်တစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၁) ရေလွှဲဥမင်လိုဏ်၏ ဖောက်လုပ်ပြီးစီးနေမှုအခြေအနေအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ရှုရပ်မှနေ၍ တမံအုတ်မြစ်စိမ့် ရေတားနံရံလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ပင်မတမံအောက်ခြေ မြေကြီး/ ကျောက်သားတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ စီမံကိန်းမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ပါသည်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည် ဆောက်ပြီး (၁၁၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတစ်ရုံတည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ သန်းပေါင်း ၃၈၆ သန်း ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် တည်ဆောက်မည့် ပင်မတမံ အမျိုး အစားမှာ ဇုန်အမျိုးအစား(ကျောက်ဖြည့်တမံ) ဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ ၆.၉၆ သိန်း ဧကပေ သိုလှောင်နိုင်မည်ဖြစ်ကာ ယခုအခါ စီမံကိန်း၏ (၄၇.၇၇)% ခန့် ပြီးစီးနေပြီဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် သံတွဲမြို့ ၆၆ ကေဗွီ ၁၀ အမ်ဗွီအေ နန်ချောင်းဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က ဓာတ်အားခွဲရုံ၏ လက်ခံ/ ပို့လွှတ်/ ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ဖြန့်ဖြူးပေးနေမှု အခြေ အနေ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) ၏ အကောင်အထည်ဖော် ဆောင်ရွက်ပါက ထပ်မံလိုအပ်လာမည့်အခြေအနေများကိုလည်းကောင်း၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးစခန်း (သံတွဲမြို့) တာဝန်ခံမှ စက်သုံးဆီ သယ်ယူ ပို့ဆောင်မှု၊ လက်ခံရရှိမှုနှင့် ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အားခွဲရုံ Switchyard အတွင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။