နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မေလ (၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့မွန်းလွဲ (၁:၀၀) နာရီတွင် နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် စတင် ထမ်းဆောင်ရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ပထမဦးဆုံး လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးမြှင့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားရာ ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများမှာ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ဖြင့်ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအား အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ သံအမတ်ကြီးအနေဖြင့် မိမိတို့ဝန်ကြီးဌာနအား ပထမ ဦးဆုံး လာရောက်တွေ့ဆုံ ဆွေးနွေးခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာတွင် ဂျပန်နိုင်ငံမှ နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။