၂၀၁၈ ခုနှစ်၊ မေလ ( ၁၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/ လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများနှင့် ဓာတ်အားပေးစက်ရုံမှူးများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေး သည် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များအတွက် အရေးကြီးသည့်အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် စတင်တာဝန်ယူစဉ်ကာလတွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်၊ မူဝါဒများ၌ပါဝင်သည့် စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် စီမံ ခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိကင်းရှင်းရေးရှုထောင့်အရ မိန့်ကြားမှုများမှာ ပြည်သူ့ဝန်ထမ်းများအတွက် လမ်းညွှန်ချက် ၊ Guide Line များဖြစ်ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်များတွင် မိမိတို့ဝန်ကြီးဌာနနှင့်ပတ်သက်၍ နောင် (၃) နှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ ရရှိရေး အကောင်အထည်ဖော်ရန်ပါရှိသဖြင့် ၎င်းကို ရည်မှန်းချက်ထားပြီး တက်ညီ လက်ညီနှင့် တစ်ဦးချင်းတာဝန်ယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ Target ၊ Objective and Implementation Methods များဖြင့် ဆောင်ရွက်ရန်အတွက် Supply ၊ Transmission ၊ Distribution and Planning ကဏ္ဍ အသီးသီးမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကျေးလက်ဒေသအပါအဝင် Residential ၊ Commercial and Industrial ကဏ္ဍများအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေးသည် အရေးကြီးကြောင်း၊ မိမိတို့၏ အားနည်း ချက်များကို ကြပ်မတ်၍ စနစ်တကျ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ Power Supply ကဏ္ဍတွင် နိုင်ငံတကာမှ ၁၀၀ % ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်ရန်နှင့် Power Generation Mix အရ ရေအားလျှပ်စစ်၊ ပြန်လည်ပြည့်ဖြိုးမြဲ၊ LNG နှင့် နယ်စပ်ဖြတ်ကျော်ဓာတ်အားဝယ်ယူမှု စသည့် ကဏ္ဍအစုံစုံမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဌာန၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရသည့် အတွက် ပြည်သူများ၏အခက်အခဲကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် အောက် ခြေဝန်ထမ်းများအထိ သမ္မတ၏လမ်းညွှန်ချက်၊ မိမိတို့၏ရည်မှန်းချက်များကို သိရှိနိုင်ရေး ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ မိမိတို့ဌာန၏ပုံရိပ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှ လုပ်ငန်းများဆောင်ရွက်သည့် အခါ ပြည်သူလူထုသို့ အသိပေးပြီး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများအတိုင်း ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ တတ်မြောက် ထားသည့် ပညာရပ်များဖြင့် ပြည်သူလူထုအကျိုးအတွက် အကောင်းဆုံးဖြစ်ရန် စေတနာထား၍ အနစ်နာခံပြီး ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လျှပ်စစ်၏အန္တရာယ်၊ လျှပ်စစ်၏သဘောသဘာဝကို ပြည်သူများ သိရှိ နားလည်နိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ပညာပေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝ သည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အားလုံးကြိုးစား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန တည်ဆောက်ရေး ညွှန်ကြားရေးမှူး များမှ လက်ရှိဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ခေတ္တ ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
၎င်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှူးများနှင့် အပူ စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှူးများမှ နှစ်အလိုက် ရေဝင်ရောက်မှု၊ ဓာတ်ငွေ့ရရှိမှုနှင့် ဓာတ်အားထုတ်လုပ်မှု အခြေအနေ၊ ဓာတ်အားပေးစက်များ ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက် ရှင်းလင်း တင်ပြပါသည်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်း ညွှန်ကြားရေးမှူးများမှ လက်ရှိဆောင်ရွက်နေသော ဓာတ်အားလိုင်းနှင့်် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများမှ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များအား ရှင်းလင်းတင်ပြကြရာ ဦးဆောင် ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
၎င်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်များမှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ အား ရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ တင်ပြမှုများအပေါ် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက် ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်သော စက်ရုံမှူးများအား လည်းကောင်း၊ ကချင်ပြည်နယ်၊ ခေါင်လံဖူးဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ အားလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး၊ မကွေးဓာတ်အားခွဲရုံတွင် ထရန်စဖော်မာလဲလှယ်ခြင်းလုပ်ငန်းများကို သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ခဲ့သော လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန၊ လျှပ်စစ်စမ်းသပ်ရေးဌာနမှ ဝန်ထမ်းများနှင့် မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။