နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၁) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Prof. Dr. Iza အား ယနေ့မွန်းလွဲ (၃:၁၅)နာရီတွင် နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အဓိကပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ ဖြစ်ကြောင်း၊ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံမှ Gold Petro ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ချောက်နှင့် ရေနံချောင်း ရေနံမြေများတွင် ရေနံအထွက်တိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အောင်မြင်တိုးတက်မှုများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း၊ ယင်းကုမ္ပဏီ၏ ကောင်းမွန်သည့် ဆောင်ရွက်ချက်များအတွက် ကျေးဇူးတင် ကြောင်း၊ မြန်မာနိုင်ငံ၌ အင်ဒိုနီးရှားကုမ္ပဏီများ ယခုထက်ပို၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း၊ စွမ်းအင်ကဏ္ဍတွင်သာမက လျှပ်စစ်ကဏ္ဍ တွင်ပါ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်း ပြောကြားရာ သံအမတ်ကြီးမှ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် လာရောက် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားကုမ္ပဏီများသည် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့် စိတ်ဆန္ဒများရှိကြကြောင်း၊ မိမိတို့အဖွဲ့အား လက်ခံတွေ့ဆုံ ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြပါသည်။