The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရေနံအထွက်တိုးရေးကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိ

         

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မကွေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ချောက်ရေနံမြေသို့ ရောက်ရှိခဲ့ပါသည်။ ရေနံမြေရိပ်သာတွင် ချောက်ရေနံမြေမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရေး အလေးဂရုပြုဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ရေနံအထွက်တိုးရေး အတွက် Water Flooding Project အပါအဝင်ခေတ်မီနည်းပညာများ အသုံးပြုရှာဖွေ ဆောင်ရွက် သွားကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်ရေနံမြေအတွင်းရှိ ၂၀၁၈ မေလအတွင်း အောင်မြင်စွာ တူးဖော်ထုတ်လုပ်ခဲ့သော ရေနံတွင်းသစ်အမှတ် ၁၂၀၅နှင့် ၁၂၀၇ သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အောင်မြင်စွာတူးဖော်ထုတ်လုပ်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ပါသည်။ ၎င်းနောက် တူးဖော်လျက်ရှိသော ရေနံတွင်းအမှတ် ၁၂၀၆ သို့ ရောက်ရှိပြီး တွင်းတူးဖော်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ချောက်ရေနံမြေသည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Gold Petrol Co,Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရေနံအထွက်တိုးရေးအတွက် လုပ်ငန်းစီမံချက်များ စနစ် တကျရေးဆွဲ၍ ကြိုးစားရှာဖွေဖော်ထုတ်လျက်ရှိပါသည်။ ယခုအခါ ရေနံတွင်းအမှတ် ၁၂၀၅ မှ တစ်နေ့လျှင် ရေနံစိမ်းစည် ၅၀ ခန့်နှင့် ၁၂၀၇ မှ ရေနံစိမ်းစည် ၁၁၀ ခန့်တူးဖော်ထုတ်လုပ်နိုင်ခဲ့ပါသည်။ အဆိုပါ ရေနံမြေမှ ယခင်က တစ်နေ့လျှင် ရေနံစိမ်းစည် ၁၀၃၀ စည်ခန့် ထွက်ရှိပြီး ယခုနှစ် မေလအတွင်း တစ်နေ့လျှင် ရေနံစိမ်းစည် ၁၆၀ စည်ခန့် တိုးတက်ထုတ်လုပ်နိုင်မှုကြောင့် ယခုအခါ ချောက်ရေနံမြေမှ နေ့စဉ်ရေနံစိမ်း ၁၁၉၀ စည်ခန့် ထုတ်လုပ်လျက်ရှိပါသည်။ တူးဖော်ထုတ်လုပ် ရရှိသော ရေနံစိမ်းများအား အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) သို့ ပိုက်လိုင်းများဖြင့် ပေးပို့ပြီး ပြည်သူလူထုများ အသုံးပြုနိုင်ရန်အတွက် စက်သုံးဆီများ ချက်လုပ်ပေးလျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-May-2018