နေပြည်တော်၊ မေလ ၂၇ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ ပင်မသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး (ဂ) အဆင့်(ချောက်) သို့ ရောက်ရှိခဲ့ပြီး ပင်မမန်နေဂျာမှ စက်သုံးဆီများ လက်ခံ/သိုလှောင်/ ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ စက်သုံးဆီများ လက်ခံ/ သိုလှောင်/ ဖြန့်ဖြူးရာတွင် စနစ်တကျရှိစေရေး၊ လေလွင့်လျော့နည်းမှုမရှိစေရေးနှင့် မီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး (ဂ) အဆင့်(ချောက်) သည် ဒီဇယ်ဆီများကို မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ်(၂) ရေနံချက်စက်ရုံ (ချောက်)နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) တို့မှ လက်ခံရယူသိုလှောင်၍ ဌာနပိုင်ယာဉ်များဖြင့် ကယားပြည်နယ်ရှိ လွိုင်ကော် စက်သုံးဆီဆိုင်နှင့် ဒေသတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများသို့ တစ်လလျှင် ဒီဇယ်ဆီ ဂါလန် (၁) သိန်း(၅) သောင်းနှုန်းခန့်ဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ လျှပ်စစ်မီးသုံးစွဲသူပြည်သူများ တည်ငြိမ်ပြည့်ဝသော ဗို့အားရရှိစေရေး၊ ဗို့အားကျဆင်းပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် ၆၆/၁၁ကေဗွီ ပိန္နဲတောခွဲရုံ၊ လက်ပံပျားခွဲရုံနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ၏ ဗို့အားအဝင်အထွက်များကို စိစစ်တွက်ချက်၍ Tapping မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့နယ်ရှိ Apex Concrete Co., Ltd ၏ Concrete Pole စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Plan - NEP) ပထမအဆင့်အတွက် Concrete Pole များ ထုတ်လုပ်နေမှုအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ Concrete Pole များ ထုတ်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ထုတ်လုပ်ရေးနှင့် လုပ်ငန်းလိုအပ် ချက်များအား လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (NEP) မှာ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာ သန်း (၃၁၀) ဖြင့် ၁၁ကေဗွီ ဓာတ်အားလိုင်းမှ ၂ မိုင်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်ဓာတ်အားရရှိရေး ပထမအဆင့်အနေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၅ မိုင်အတွင်းရှိ ကျေးရွာ များအား ဒုတိယအဆင့်အနေဖြင့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ဒေသများအားလုံး လျှပ်စစ် ဓာတ်အား အပြည့်အဝရရှိစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။