The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်   ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ   ၁၇   ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက် ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်သည် ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနားတွင် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ကြိုးနီစနစ်များ၊ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေသည့် အဂတိလိုက်စားမှုများကို စနစ်တကျတိုက်ဖျက်သွားပြီး နိုင်ငံသူ/ နိုင်ငံသားတို့၏ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်းနှင့် မိဘပြည်သူများ လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကို မျက်ခြည်ပြတ်မခံဘဲ အဂတိတရားကင်းရှင်းစွာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း အစိုးရ၏ တစ်နှစ်ပြည့်အခမ်းအနားတွင် အဂတိတရား နှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ စသည့် အဂတိတရားလေးပါး ကင်းရှင်းရန်လိုကြောင်း၊ အဂတိတရားဆိုသည်မှာ ငွေကြေး တစ်ခုတည်းသာမဟုတ်ဘဲ မိမိ၏ အသိုက်အဝန်း၊ မိသားစု၊ မိတ်ဆွေ များ၏အကျိုးကို ကြည့်ပြီး လုပ်ဆောင်ခြင်းသည်လည်း အဂတိလိုက်စားခြင်းတစ်မျိုးပင် ဖြစ်ပါကြောင်း စသည်ဖြင့် နိုင်ငံတော်အကြီးအကဲများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အလေးထားပြောကြားခဲ့သည့်အတွက် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဂတိလိုက်စားမှုသည် အဓိကကျသော အတားအဆီးဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးသည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်သည့် အတွက် အဂတိတရားနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖိတ်ကြားခဲ့သည့်အတွက် တက်ရောက်လာသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်မှ အဂတိ လိုက်စားမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အကျိုးဆက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ကော်မရှင်၏ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွက် နိုင်ငံ့ဝန်ထမ်းများ၏ အရေးပါမှုအခန်းကဏ္ဍ၊ ပြည်သူ့ဝန်ထမ်းများအတွက် ကျင့်ဝတ်ဆိုင်ရာပြဌာန်းချက်များနှင့်ပတ်သက်သည့် ဆောင်ရွက်နေမှု၊ လုပ်ငန်းစဉ်၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ဟောပြောဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ပညာပေးဟောပြောပွဲအခမ်းအနား သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်း များမှ အရာထမ်း/အမှုထမ်းအင်အား ၂၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
17-Jul-2018