The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနတွင် ပညာရှင်မျိုးစုံဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကရည်မှန်းချက်မှာ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးအတွက် လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ အားလုံးက တက်ညီလက်ညီနှင့် ပူးပေါင်း ဆောင်ရွက်မှသာ ရည်မှန်းချက် ပြည့်ဝအောင်မြင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းသဘာဝအရ ဘဏ္ဍာငွေ မြောက်မြားစွာ ရင်းနှီးမြှုပ်နှံရပါကြောင်း၊ ပြည်သူလူထုထံမှ ကောက်ခံရရှိသော ဓာတ်အားခများ၊ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်သူများထံမှ ဓာတ်အားဝယ်ယူရန် ပေးချေ ရသည့်ဘဏ္ဍာငွေ၊ Independent Power Producer (IPP) စာချုပ်များ အဆိုပြု တင်ပြရာတွင် ပါဝင်သည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများ စသည့်ကဏ္ဍများစွာအတွက် ဘဏ္ဍာရေးဆိုင်ရာ ဆက်စပ်စိစစ်ဆောင်ရွက်ရမှု အများအပြားရှိပါကြောင်း၊          ဝန်ကြီးဌာနမှ အရှုံးခံ၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊  ဦးစားပေးစီမံကိန်းများ အကောင် အထည်ဖော်ရာတွင် နည်းပညာဆိုင်ရာအမြင်၊ စီမံကိန်း၏ ဘဏ္ဍာငွေလည်ပတ်မှု၊ အကျိုး ဖြစ်ထွန်းမှုတို့အား စိစစ်ဆောင်ရွက်ရပါကြောင်း၊ နယ်စပ်ဖြတ်ကျော် တည်ဆောက်မည့် မဟာဓာတ်အားလိုင်းစီမံကိန်းများအတွက် ဆွေးနွေးမှုများစွာ ဆောင်ရွက်လျက်ရှိသည့် နေရာတွင် နည်းပညာဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တွင်ဖြစ်ပေါ်လာမည့် အကျိုး အမြတ်များသည် အဓိကကျပြီး ဆောင်ရွက်ရန် သင့်/မသင့် စိစစ်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်များ၏ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အင်ဂျင်နီယာနည်းပညာရပ်များနှင့်သုံးသပ်ပြီး အကောင်အထည်ဖော်လိုသည့် စီမံကိန်း များသည် ဘဏ္ဍာရေးဆိုင်ရာရှုထောင့်မှ ရေရှည်အကျိုးအမြတ်ဖြစ်ထွန်းနိုင်မှုကိုသုံးသပ်ပြီး ဆောင်ရွက်ရန် သင့်/ မသင့် ဆုံးဖြတ်ရကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများမှ စီမံကိန်းစတင် အကောင်အထည်မဖော်မီ ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို အကောင်အထည် ဖော်ပြီး စီမံကိန်း၏ ဘဏ္ဍာရေးဆိုင်ရာ ကုန်ကျမှုများကို အသေးစိတ် Review and Analysis ပြုလုပ်ရန်လိုအပ်ကြောင်း၊ ထိုမှတဖန် Future Program များအတွက် လက်တွေ့အသုံးပြုရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျွမ်းကျင်မှုသင်တန်းများကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပူးပေါင်း၍လည်းကောင်း၊ ပြည်ပသင်တန်းများ စေလွှတ်ပြီး လည်းကောင်း အဆင့်မြှင့်တင်လျက်ရှိကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဖြစ်ပေါ်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားရန်နှင့် အဆင့်မြင့်ရာထူးများကို ကျွမ်းကျင်စွာထမ်းဆောင်ရန် ရည်ရွယ်တိုက်တွန်းပါကြောင်း၊ စီမံကိန်းများ၏ သဘောသဘာဝကိုလည်း လေ့လာရန်လိုအပ်ကြောင်း၊ Academic မှ ထိရောက်သော Applicable  ဖြစ်အောင် ကြိုးစားလေ့လာစေလိုကြောင်း၊ မျိုးဆက်သစ် များကို နည်းပညာနှင့် အတွေ့အကြုံများကို ဆက်လက်မျှဝေပေးရန်လိုအပ်ကြောင်း၊ ယခု သင်တန်းကို အသေးစိတ်ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ သင်ကြားရမည့် ဘာသာရပ်အသီးသီးအတွက် စနစ်တကျစုစည်းပြီး Textbook စာအုပ်များ ပြင်ဆင် ခဲ့ကြောင်း၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများမှ ထပ်မံ ဆောင်ရွက်မည့် သင်တန်းများ အတွက်  သင်တန်းဆိုင်ရာပို့ချမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီစဉ်သွားရန်လိုအပ် ကြောင်း၊ ယခုလို သင်တန်းများကို ဘဏ္ဍာငွေဆိုင်ရာ အခက်အခဲများကြားမှ မဖြစ်မနေ ဆောင်ရွက်ရကြောင်း၊ သင်တန်းသားများအနေနှင့် ယခုသင်တန်းမှသည် နောက်သင်တန်း များအတွက် ပိုမိုတိုးတက်ကောင်းမွန်ရန် သဘောထားမှတ်ချက်များနှင့် အကြံ ပြုချက်များ ပေးရန် လိုအပ်ကြောင်း၊ သင်တန်းကာလအတွင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းပြီး အပြန်အလှန် အတွေ့အကြုံများ ဖလှယ်၍လည်းကောင်း၊ အမေးအဖြေများဖြင့် လည်းကောင်း လေ့လာသွားရန် တိုက်တွန်းလိုပါကြောင်း၊ သင်တန်းကာလပြီးဆုံး ပြီးနောက် တစ်ဦးချင်းစီ၏ နားလည်ကျွမ်းကျင်မှုများအတွက် စာမေးပွဲစစ်ဆေး၍ အကဲဖြတ်သွားမည်ဖြစ်ပြီး ရာထူးအဆင့် တိုးမြှင့်ရေးအတွက် အထောက်အပံ့များ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

          အဆိုပါ ဘဏ္ဍာရေး/ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်းအား ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/ လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ သင်တန်းသား ၃၀ ဦး တက်ရောက်ပြီး ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
30-Jul-2018