The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ၊ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပသည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ( ၃၀ ) ရက်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ၊ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာဝန်ကြီးဌာနတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Laatu နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဖင်လန်နိုင်ငံ၊ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာဝန်ကြီးဌာနကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Laatu တို့မှ လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

              အဆိုပါ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့အကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သန့်စင်သော စွမ်းအင်အရင်းအမြစ် များကို အသုံးချ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး နယ်ပယ်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
30-Jul-2018