The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ Open Discussion Workshop အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တက်ရောက်ခဲ့

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်/ သယ်ပို့/ ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များ အချိတ်အဆက်မိမိနှင့် ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားထုတ်လုပ်မှုစရိတ် လျော့ပါးသက်သာစေရေး၊ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းစဉ် အစီအမံများ ချမှတ်ဆောင်ရွက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် Open Discussion Workshop ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁) ရက်နေ့ ၊ နံနက် (၀၉:၃၀)နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားစနစ် ဗဟိုကွပ်ကဲရေးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ၏ ညွှန်ကြား ရေးမှူး ဦးမင်းခိုင်မှ ရေလှောင်တမံများ၏ ဒီဇိုင်းအရ ရေသိုလှောင်နိုင်မှု၊ နှစ်စဉ်မိုးရွာသွန်းမှု နှင့် ရေဝင်ရောက်မှု၊ ဓာတ်အားပေးစက်ရုံအလိုက် ဒီဇိုင်းအရ နှစ်စဉ်ပျမ်းမျှ ဓာတ်အား ထုတ်လုပ်နိုင်မှုအခြေအနေနှင့် တည်ဆောက်ပြီးရေအားလျှပ်စစ်စက်ရုံများမှ နှစ်အလိုက် လျှပ်စစ်ထုတ်လုပ်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနှင့် ခေတ္တညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစန်းဝေတို့မှ ဖြည့်စွက်၍လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရမှ တည်ဆောက်ပြီးမဟာဓာတ်အားလိုင်းများ၏ ဓာတ်အားသယ်နိုင်မှုအခြေအနေ အပေါ်မူတည်၍ ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ထုတ်လုပ်မှုပမာဏ ချိန်ဆရမှုများကို အသီးသီး ရှင်းလင်းတင်ပြကြပါသည်။       

          တင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးမှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများ အချင်းချင်း အချိတ်ဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အား ထုတ်လုပ်မှု၊ ဓာတ်အားလိုအပ်ချက်နှင့်အညီ အချိန်ကိုက်ထုတ်လုပ်သွားရန်၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း( Planned Maintenance )များကို ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း၌ လုပ်ဆောင်သွားရန် သို့မှသာ ရေအဝင် အားကောင်းသော မိုးရာသီကာလအတွင်း ရေအားစက်ရုံများက လျှပ်စစ်ပမာဏများများ အကျိုးရှိရှိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လျှပ်စစ်လိုအပ်ချက် ပမာဏမြင့်မားသော နွေရာသီ ကာလရောက်မည့် အချိန်၌ ရေအားစက်ရုံများက စဉ်ဆက်မပြတ် လျှပ်စစ်ထုတ်နိုင်ရန် ကြံ့ခိုင်မှုရှိမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ၄င်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနအကြီးအကဲများ ၊ လုပ်ငန်းခွင် အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
01-Aug-2018