၂၀၁၈ခုနှစ်၊သြဂုတ်လ( ၂၁ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပေကျင်းမြို့ရှိ State Grid Control Center သို့ရောက်ရှိခဲ့ရာ President ဖြစ်သူ Mr. Kou Wei နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြပါသည်။ ထို့နောက် တာဝန်ရှိသူမှ ၎င်းတို့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု စုစုပေါင်း၏ ၇၈ ရာခိုင်နှုန်းနှင့် လူဦးရေ ၁.၁ ဘီလီယံကို ဝန်ဆောင်မှုပေးနေမှုနှင့် တစ်နိုင်ငံလုံးတွင် စက်တပ်ဆင်အင်အားမဂ္ဂါဝပ်၁,၄၂၈,၀၀၀ (တစ်သန်းလေးသိန်းနှစ်သောင်းရှစ်ထောင်) ရှိရာ State Grid မှလက်ရှိဖြန့်ဖြူးနေသော ၆၇၇,၇၈၀ (ခြောက်သိန်းခုနစ်သောင်းခုနစ်ထောင်ခုနစ်ရာရှစ်ဆယ်) မဂ္ဂါဝပ်အား အချိန်နှင့်တစ်ပြေးညီ ထိန်းညှိကွပ်ကဲနေမှုများကို ရှင်းလင်းပြောကြားပြီး National Control Center ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုလေ့လာခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွမ်းအင်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (National Energy Administration) ၏ဒုတိယအကြီးအကဲဖြစ်သူ Mr. Li Fanrong လိုက်ပါလျက် Yichang မြို့အနီးရှိ Three Gorges ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိ ကြပြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးရှိ ယန်စီမြစ်အတွင်းရေကြောင်းသွားလာရေးအဆင်ပြေရန်တည်ဆောက်ထားသော Ship lift ၏လုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုလေ့လာခဲ့ပါသည်။