၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ( ၁ ) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဒေါ်နီလာကျော်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေးစက်ရုံမှူးများနှင့် ဓာတ်အားခွဲရုံမှူးများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးအတွက် ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းများတွင် အသုံးပြုသော စက်ပစ္စည်းများ၊ ဓာတ်အားလိုင်းကြိုးများနှင့် ထရန်စဖော်မာများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ ခရိုင်အဆင့် တာ၀န်ရှိသူများနှင့် ဓာတ်အားခွဲရုံမှူးများမှ တစ်ဦးကောင်းတစ်ယောက် ကောင်းမဆောင်ရွက်ကြဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို တာ၀န်ယူမှု တာ၀န်ခံမှုရှိရှိဖြင့် အောက်ခြေအဆင့်ထိ စနစ်တကျတာ၀န်ပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ်သည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များကိုလည်း အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ အချိန်မရွေး ချို့ယွင်းပျက်စီးနိုင်သော ပစ္စည်းများကို အသုံးပြုနေရခြင်းဖြစ်သည့်အတွက် အဆိုးဆုံးအခြေအနေများ ကြုံတွေ့လာခဲ့ပါက ရင်ဆိုင်ကျော်လွှားနိုင်ရန် Plan B ချမှတ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ဌာနအနေဖြင့် ရလဒ်ကောင်းများရရှိရေးအတွက် မိမိတို့၏လုပ်ငန်းတာ၀န်များကို ကျေပွန်အောင် ဆောင်ရွက်ခြင်းဖြင့် ဌာန၏လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ ပြည်သူများ မျှော်လင့်တောင့်တသည့် လျှပ်စစ်မီးရရှိရေးအတွက် စည်းစည်းလုံးလုံးဖြင့် စေတနာထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးသုံးစွဲသူ တိုးတက်များပြားလာသည်နှင့်အမျှ စိန်ခေါ်မှုများမှာလည်း မလွဲမသွေရင်ဆိုင် ကြုံတွေ့လာရမည်ဖြစ်ကြောင်း၊ နောက်တဆင့်တက်ဖို့အတွက် နောက်ပြန်မဆုတ်တမ်း ကြိုးပမ်းဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိခရိုင် (၄) ခရိုင်၏ ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင်အလိုက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဓာတ်အားလိုင်းကြိုးများ လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများအား အသီးသီးရှင်းလင်း တင်ပြကြပါသည်။
၎င်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌတို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက် သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ အစားထိုးလဲလှယ်ခြင်း၊ ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ခရိုင်များအလိုက် တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ခရိုင်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး၀န်ကြီး ဒေါ်နီလာကျော်မှ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများကြောင့် ထပ်မံလိုအပ်လာမည့် လျှပ်စစ်ဓာတ်အားအခြေအနေများကို လည်းကောင်း သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအား ပိုမိုကောင်းမွန်သည့် လျှပ်စစ်၀န်ဆောင်မှုများ ပေးနိုင်ရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း(၁.၅) သန်းခန့်ရှိရာ (၁.၃) သန်းခန့် လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ပြီးဖြစ်သည့်အတွက် (၈၃) ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အားရရှိပြီး ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှု၏ (၄၆) ရာခိုင်နှုန်းခန့်အား သုံးစွဲလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ် (၁၅)ရာခိုင်နှုန်းခန့် တိုးတက်နေသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်းအပြင် ဓာတ်အားဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင် ဆောင်ရွက်လျှက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားရယူသုံးစွဲမှုများ တိုးတက်များပြားလာသည့်အပြင် ဓာတ်အားမရရှိသေးသည့် ကျေးရွာများအား ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ ထပ်မံတိုးချဲ့ တည်ဆောက်ခြင်းနှင့် ၀န်အားပိုမို များပြားစွာ အသုံးပြုနိုင်သည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို အင်အားတိုးမြှင့် တည်ဆောက်လျက်ရှိပါသည်။