နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ( ၁၂ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေလီ (၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့အကြား (၁၀) ကြိမ်မြောက်လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၀၆:၀၀) နာရီအချိန်တွင် Horizon Lake View Resort Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး Mr. Hong Liang ၊ ရွှေလီ (၁) ရေအားလျှပ်စစ် ကုမ္ပဏီ လီမိတက်၏ Managing Director, Mr. Ma Lipeng နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေလီ (၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်တို့အကြား (၁၀) ကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ဖြစ်ပါကြောင်း၊ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၁၀၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် (၆) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၆၀၀ မဂ္ဂါဝပ်ရှိပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၄၀၂၂ ဖြစ်ပါကြောင်း၊ ရွှေလီ (၁) ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက် (၄) လုံး (၄၀၀ မဂ္ဂါဝပ်) ကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့်ချိတ်ဆက်၍ မန်စံဓာတ်အားခွဲရုံမှတဆင့် မြန်မာနိုင်ငံဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်လျက်ရှိပါကြောင်း၊ နွေရာသီကာလ လျှပ်စစ်ဓာတ်အားသုံးစွဲမှု များချိန်တွင် ၄၀၀ မဂ္ဂါဝပ် ဝန်အားပြည့် မြန်မာနိုင်ငံဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိ ကြောင်း၊ နိုင်ငံတော်အတွက် အကျိုးပြုလျက်ရှိသည့်စီမံကိန်းဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုအစီအစဉ်နှင့် လူမှုရပ်ရွာ အကျိုးပြုအစီအစဉ်အဖြစ် CSR လုပ်ငန်း အတွက် နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၁% ကို အသုံးပြုလျက်ရှိပြီး၊ ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့် ရွှေလီ (၁) ရေအားလျှပ်စစ်ကုမ္ပဏီ၏ Managing Director, Mr. Ma Lipeng တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် ရွှေလီ (၁) ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်၏ Managing Director, Mr. Ma Lipeng တို့က လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ကြပြီး၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။