၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ( ၁၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါက်တာထိန်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၆) ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာအနီးရှိ သထုံဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပါသည်။ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း နှင့် China Energy Engineering Corporation Limited (CEEC) ၏တာဝန်ရှိသူတို့ မှ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
သထုံဓာတ်အားပေးစက်ရုံသည် ၁၉၈၅ ခုနှစ်မှ စတင်လည်ပတ်ခဲ့ပြီး (၁၈.၄၅) မဂ္ဂါဝပ် Gas Turbine (၁)လုံး၊ (၁၆.၂၅) မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်သော Gas Turbine (၂)လုံးဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့ ဓာတ်အားဖြန့်ဖြူးလျက်ရှိရာ အဆိုပါ စက်များ၏ သက်တမ်းမှာကြာမြင့်ပြီး ခေတ်မီစက်များကဲ့သို့ စက်စွမ်းရည်မြင့်မားခြင်း မရှိသည့် အတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေကိုရယူပြီး ဓာတ်အားပေးစက်ရုံအား အဆင့်မြှင့်တင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အသစ်တည်ဆောက်လျက်ရှိသည့် Gas Turbine နှင့် Steam Turbine စက်များသည် အမေရိကန်နိုင်ငံ General Electric (GE) ကုမ္ပဏီမှ ထုတ်လုပ်သော စက်များဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Energy Engineering Corporation Ltd မှ ဆောင်ရွက်ခဲ့ကာ စာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၁၀)သန်းခန့်ဖြစ်ပါသည်။
သထုံဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၁၆ ခုနှစ်၊ မတ်လမှ စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကာ ယခုအခါ ဓာတ်အားထုတ်လုပ်နိုင်ရန် စက်စမ်းသပ်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် (၁၁၈.၉) မဂ္ဂါဝပ် ထွက်ရှိ လာမည်ဖြစ်ပါသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံအသစ်မှ ထွက်ရှိလာမည့် ဓာတ်အားကို ကရင်ပြည်နယ်၏ ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း(၉)မိုင်နှင့် ၂၃၀/၆၆ ကေဗွီ ၆၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံကို အိန္ဒုမြို့အနီး၌ တည်ဆောက်ရန် စီစဉ်လျက် ရှိသည့် အပြင် ၂၃၀ ကေဗွီ မော်လမြိုင် - မြဝတီ ဓာတ်အားလိုင်း (၅၅.၅) မိုင်နှင့် ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီဓာတ်အားခွဲရုံတို့ကို တည်ဆောက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ မတ်လတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။ ၄င်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ကရင်ပြည်နယ် အတွင်းရှိ မြို့ (၈) မြို့နှင့် ကျေးရွာ (၃၉၉) ရွာအား လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။