၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းများတွင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်းသည် အားလုံးနှင့်သက်ဆိုင်မှုရှိ၍ နည်းပညာပိုင်းအရ အားနည်းချက်များ၊ Losses များ၊ စွမ်းဆောင်ရည်များကိုစိစစ်၍ ထုတ်လုပ်မှုစွမ်းရည်များကို ယခုထက် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူကို ဦးစားပေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လိုကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းများအနက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူနှင့် အဓိကထိတွေ့ဆက်ဆံရသောဌာနဖြစ်သောကြောင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာများနှင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးများသည် ဝန်ဆောင်မှု ကောင်းရန်လိုအပ်ကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများအတွက် လျှပ်စစ်သည် အဓိက အကျဆုံးဖြစ်ပါကြောင်း၊ ပြည်ပကုမ္ပဏီတစ်ခုက နိုင်ငံတစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပထမဆုံးအနေဖြင့် လျှပ်စစ်ကဏ္ဍကို ဦးစားပေး စုံစမ်းကြကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များအတွက် လျှပ်စစ်ကဏ္ဍကို မိမိတို့ဝန်ကြီးဌာနမှ တာဝန်ခံရမည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများသည် ရင်းနှီးမြှုပ်နှံသူများ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များသို့ရောက်ရှိလာလျှင်လည်း လျှပ်စစ်ကဏ္ဍများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ရှင်းလင်းဆောင်ရွက်ပြီး မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ချင်လာအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း အပြုသဘောဆောင်၍ ပြုလုပ်ရန် လိုကြောင်း၊ မိမိတို့ကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပြီး မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ကိစ္စရပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှု အသိစိတ်ဖြင့် ပြည်ထောင်စုအဆင့်ထိ တက်ရောက်ရန် မလိုအပ်သောကိစ္စများကို သက်ဆိုင်ရာ တိုင်းဒေသများ၏ ဆုံးဖြတ်မှုခံယူ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာန မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာကြရန်လိုကြောင်း၊ မိမိတို့၏ အောက်ခြေဝန်ထမ်းများ၏ အားနည်းချက်၊ အားသာချက်များကိုသိရှိပြီး အကောင်းဘက်သို့ ဦးတည်လုပ်ဆောင်နိုင်၍ ဆွဲခေါ်ဆောင်ရွက် စေသင့်ကြောင်း၊ Budget ၊ Audit နှင့် Accountant ကိစ္စရပ်များကိုလည်း အထူးဂရုစိုက်၍ ပြုလုပ်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများအား ပထမ အကြိမ်တွေ့ဆုံမှုအပြီး လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ထပ်မံမှာကြားလို၍ ယခုကဲ့သို့ ဒုတိယအကြိမ် ခေါ်ယူ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ဝန်ဆောင်မှု ကောင်း၍ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်သည့် Standard Operating Procedure (SOP) များရှိပြီဖြစ်၍ ၎င်း Standard Operating Procedure (SOP)များအတိုင်း မီတာစာရေး/လိုင်းမင်းမှအစ မိမိတို့၏ ဝန်ထမ်းများကိုချပြ၍ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများမှ မိမိတို့ဒေသအလိုက် လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ နှစ်အလိုက် အမြင့်ဆုံးသုံးစွဲမှု ဝန်အား အခြေအနေနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား အသီးသီး ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု များအပေါ် ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။
၎င်းနောက် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ အမှုဆောင်အရာရှိချုပ်များမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု များ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများတွင်လည်း ဝန်ကြီးဌာန ကိုယ်စားဦးဆောင်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာများအနေဖြင့် မိမိတို့ဒေသအသီးသီးအလိုက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန် အထူးအလေးထား ဆောင်ရွက်ကြရန် နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Electrification Ratio တိုးတက်အောင် စီမံကိန်း များ ချပြခဲ့ပြီးဖြစ်၍ အဆိုပါစီမံကိန်းများ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။