The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (   ၁၃  )ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံနှင့် ရေပိုလွှဲတို့ကို  လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် Switch Yard အတွင်း  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ထို့နောက် ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံမှူးမှ ဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ၊ နှစ်အလိုက် ရေဝင်ရောက်မှု၊ ရေသိုလှောင် ထားရှိမှု၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု၊ ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် စက်ရုံအနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး မြို့ကြီးဓာတ်အားပေးစက်ရုံနှင့် တောင်တော်ကွင်းပင်မဓာတ်အားခွဲရုံတို့မှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဝန်ထမ်းများ၏တင်ပြမှုများအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ မြို့နယ်၊ မြို့ကြီးကျေးရွာအနီး၊ ဇော်ဂျီမြစ်ပေါ်တွင်တည်ရှိပြီး ၁၅ မဂ္ဂါဝပ်ထွက်ရှိသော ဖရန်စစ် တာဘိုင် အမျိုးအစားစက်(၂)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၃၀ မဂ္ဂါဝပ်ရှိကာ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း (၁၃၅.၇) GWh ထုတ်လုပ်ရန် ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၆ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၃၃ ကေဗွီ (၂) ထပ် ဓာတ်အားလိုင်းဖြင့် (၁၀.၈) မိုင်ခန့် ကွာဝေးသော တောင်တော်ကွင်းပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
13-Jan-2019