၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၂၉ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်း ရေနံဓာတ်ငွေ့ရည်ကို တင်သွင်း/သိုလှောင်/ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိက ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင်များနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် (မန္တလေး) တို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၉၃၊ မိတ္ထီလာ-မြင်းခြံလမ်းပေါ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ရေနံဓာတ်ငွေ့ရည် တင်သွင်း/ သိုလှောင်/ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းလိုင်စင် (ခ) ရယူထားသော သြရထရေးဒင်း ကုမ္ပဏီ လီမိတက်၏ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်သို့ ရောက်ရှိရာ အရောင်းဆိုင်တာဝန်ခံက ရေနံ ဓာတ်ငွေ့ရည် တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက် ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန်၊ မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေးအတွက် ဂရုတစိုက်ဆောင်ရွက်သွားရန်နှင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် ဇာတ်တိုက် လေ့ကျင့်မှုများအပြင် မီးငြိမ်းသတ်ရာတွင် လိုအပ်သောပစ္စည်းများကိုလည်း စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ထားကြရန်၊ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချရာတွင် အရည် အသွေး၊ အခြင်အတွယ် မှန်ကန်ရေးနှင့် ရေနံဓာတ်ငွေ့ရည်ကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်း/သိုလှောင်/ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (မန္တလေး) သို့ ရောက်ရှိရာ တာဝန်ရှိသူ များက ရေနံဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရမည့်အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချ ရာတွင် အရည်အသွေး၊ အခြင်အတွယ် မှန်ကန်ရေးနှင့် လုံခြုံရေးကို အထူးအလေးထား ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး အရောင်းဆိုင်အတွင်း ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (မန္တလေး) သည် ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး)မှ ရေနံ ဓာတ်ငွေ့ရည်များကို သယ်ယူသိုလှောင်၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာနှင့် အဖွဲ့ အစည်းများ၊ သင်တန်းကျောင်းများ၊ စက်မှုလုပ်ငန်းနှင့် နေအိမ်များအတွက် အသုံးပြုရန် တစ်လလျှင် ရေနံဓာတ်ငွေ့ရည် ၁၃ တန်ခန့် ဖြန့်ဖြူး ပေးလျက်ရှိပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်မန္တလေးမြို့ရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ ရေနံဓာတ်ငွေ့ရည် တင်သွင်း/သိုလှောင်/ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းလိုင်စင် (ခ) ရယူထားသော Sogo Aung ကုမ္ပဏီလီမိတက်၏ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်သို့ ရောက်ရှိရာ အရောင်းဆိုင် တာဝန်ခံက ရေနံဓာတ်ငွေ့ရည် တင်သွင်း/သိုလှောင်/ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေနံ ဓာတ်ငွေ့ရည်များကို ဌာနမှထုတ်ပြန်ထားသော လိုင်စင်စည်းကမ်းချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ပြည်တွင်း၌ ရေနံဓာတ်ငွေ့ရည်လုပ်ငန်းများ စည်းကမ်း တကျ ဖွံ့ဖြိုးပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရန် ဥပဒေ၊ နည်းဥပဒေနှင့် စည်းကမ်း သတ်မှတ်ချက် များ ချမှတ်ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပြီး ရေနံဓာတ်ငွေ့ ရည်ဆိုင်ရာ လုပ်ငန်းလိုင်စင်အမျိုးအစား (၇) မျိုး သတ်မှတ်ခွင့်ပြု ထားပြီး ယနေ့အထိ လုပ်ငန်းလိုင်စင်စုစုပေါင်း (၇၀၃) ခု ခွင့်ပြုထုတ်ပေးထားပြီး ဖြစ်ပါသည်။ ပြည်တွင်း ရေနံဓာတ်ငွေ့ရည် လိုအပ်ချက်များကို ပြည်တွင်းထုတ်လုပ်မှု၊ ရေလမ်းမှ တင်သွင်း ဖြန့်ဖြူးမှုနှင့် နယ်စပ်မှ တင်သွင်းဖြန့်ဖြူးမှုတို့ဖြင့် ဖြည့်ဆည်းပေးလျက်ရှိပါသည်။