The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံအသစ်စီမံကိန်းများအား သွားရောက် ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (  ၈  ) ရက်

              ၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သီလဝါ၊ သာကေတ၊ အလုံ၊ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ် များသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များမောင်းနှင်နေမှု အခြေအနေ၊ ၃၅၀မဂ္ဂါဝပ်  (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် အကောင်အထည် ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ JICA ချေးငွေဖြင့် ဆောင်ရွက်မည့်  ၂၅ မဂ္ဂါဝပ် (Combine Cycle Power Plant) တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက် ဝင်ရောက်မည့် အခြေအနေတို့ကို တာဝန်ရှိသူ အသီးသီးတို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင် ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား ဂရုပြု ဆောင်ရွက်သွားရန်၊ ၃၅၀မဂ္ဂါဝပ်  (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် စီမံကိန်း လုပ်ငန်းများအား ဆောလျင်စွာ ပြီးစီး၍ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံစီမံကိန်း အသစ်များ တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက်မည့် နေရာတွင် ဓာတ်အားခွဲရုံ တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

              ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  သာကေတမြို့နယ်၊ သာကေတ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက် နေသည့် (၄၀၀)မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ  မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများ အား သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ၊ အရည်အသွေး စံချိန်းစံညွှန်း ပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလ ထက် ဆောလျင်စွာပြီးစီး၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရေးတို့အား အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

              ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် JICA ချေးငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် 66kV GIS ဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေနှင့်  ဓာတ်အားပေး စက်(၃)လုံး အကြီးစားပြုပြင်ဆောင်ရွက်နေမှု အခြေအနေ တို့အား Merubeni Corporationနှင့် Mitsubishi Corporation တို့မှ နိုင်ငံခြားသား ပညာရှင်များနှင့် (၄၀၀) မဂ္ဂါဝပ်(LNG to Power) ဓာတ်အားပေးစက်ရုံအသစ် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများအား  တာဝန်ရှိသူများက အသီးသီး ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးမှ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးရေး ၊ စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ဓာတ်အားပေးစက်(၃)လုံးအနက်မှ ဓာတ်အားပေးစက် (၁)လုံးအား လာမည့် နွေရာသီကာလ အမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ ပါသည်။

                  ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် အလုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း  အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်နေမှု အခြေအနေများ၊  လက်ရှိမောင်းနှင် လည်ပတ်နေသည့် ဓာတ်အားပေးစက် အခြေအနေများနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများတို့ကို CEEC Co.,Ltd. မှ နိုင်ငံခြားသားပညာရှင်များနှင့် တာဝန်ရှိသူ အသီးသီး တို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ၁၅၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်ပစ္စည်းများ၊ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ခြင်းလုပ်ငန်းများ၊ စက်တပ်ဆင်မှု လုပ်ငန်းများကို လာမည့် နွေရာသီအမီပြီးစီးရေး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြု ဆောင်ရွက် သွားရန်၊ စီမံကိန်းပစ္စည်းများ ရောက်ရှိလာပါက ဆိပ်ကမ်းမှ အချိန်မီရွေးယူနိုင်ရေး ကိစ္စရပ်များ ကိုလည်း ဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရန်၊  ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်ရေး လုပ်ငန်းများအား ပုံမှန်ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန် ၊ ဓာတ်အားစနစ် တည်ငြိမ် ကောင်းမွန်ရေးတို့အား အလေးထားဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ပြီး ၁၅၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း Pile ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            အဆိုပါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်များသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးမှ လာမည့် နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်း ပေးနိုင်ရေးအတွက် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေး စက်ရုံ စီမံကိန်းအသစ်(၇)မှ (၁၁၆၆) မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိဓာတ်အားပေးစက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ စီမံကိန်းများပြီးစီးရန် လျာထား သတ်မှတ်ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန်တို့အား မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
08-Dec-2019