The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ကမ်းလွန်လုပ်ကွက် A-6 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်မှုစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် သဘောတူညီမှုများ ဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (  ၁၆  ) ရက်

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကမ်းလွန်လုပ်ကွက် A-6 တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်မှုစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် သဘော တူညီမှုများဆိုင်ရာစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ ၁၈:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော် လျှပ်စစ် နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်၊ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာ ထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ စီမံကိန်းအကောင်အထည်ဖော်​ဆောင်ရွက်မည့် ကုမ္ပဏီများဖြစ်သည့် MPRL E&P Pte. Ltd., မှ အမှုဆောင်အရာရှိချုပ် ဦးမိုးမြင့် ၊ Woodside Energy(Myanmar) Pte. Ltd., မှ Executive Vice President Development ဖြစ်သူ Ms. Meg O’Neill နှင့် Total E&P (Myanmar) ကုမ္ပဏီမှ Senior Vice President ဖြစ်သူ Mr. Javier RIELO နှင့် ကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ယခု ကျင်းပပြုလုပ်သည့် အခမ်းအနားသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်မည့် ကုမ္ပဏီများအကြား မြန်မာ့ကမ်းလွန်လုပ်ကွက် A-6 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးအတွက် ညှိနှိုင်းသဘောတူညီမှုများဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနား ဖြစ်ပါ ကြောင်း၊ ယခုစာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးပါသော ဧည့်သည်တော် များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွား မည့် ပူးပေါင်းကုမ္ပဏီများအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်များ အား အောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ မြန်မာအမျိုးသားများ ဦးဆောင် သည့် MPRL E&P Pte. Ltd., သည် ကမ်းလွန်လုပ်ကွက် A-6 တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်အား ၂၀၀၇ ခုနှစ်တွင်ချုပ်ဆို၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တိုင်းတာရေးနှင့် တူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ စီပွားဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာရှိသော သဘာဝဓာတ်ငွေ့များအား တူးဖော်တွေ့ရှိခဲ့ပါကြောင်း၊ မိတ်ဖက် ကုမ္ပဏီများဖြစ်သော Woodside Energy (Myanmar) Pte. Ltd.,နှင့် Total E&P (Myanmar) ကုမ္ပဏီများနှင့်ပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရှာဖွေရေးနှင့် တူးဖော်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့ ပမာဏအား တွေ့ရှိခဲ့ပါကြောင်း၊ ကမ်းလွန်လုပ်ကွက် A-6 ကဲ့သို့ ရေအလွန်နက် သော (Ultra Deep Water) လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများသည် စွန့်စားမှုအလွန်ကြီးမားပြီး အန္တရာယ်များသောကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု မဖြစ်စေရေးတို့အား အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ သတ်မှတ်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ရည်မှန်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။

            ဆက်လက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ MPRL E&P Pte. Ltd., Woodside Energy (Myanmar) Pte. Ltd., နှင့် Total E&P (Myanmar) ကုမ္ပဏီတို့မှ တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။

            ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် MPRL E&P Pte. Ltd., မှ Country Manager ဦးစည်သူမိုးမြင့်၊ Woodside Energy (Myanmar) Pte. Ltd., မှ Asset Manager Myanmar A-6  Ms. Rebecca Lewis နှင့် Total E&P (Myanmar) မှ General Manager Mr. Romaric Roignan တို့က စာချုပ် များအား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ 

          အဆိုပါ ကမ်းလွန်လုပ်ကွက် A-6 တွင် ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝဓာတ်ငွေ့ ပမာဏသည် အချိန်တိုအတွင်း စီးပွားဖြစ်ထုတ်လုပ်၍ နိုင်ငံတော်ပြည်တွင်းသုံးစွဲနိုင်ရေး အတွက် အထူးအားထားရမည့် စီမံကိန်းဖြစ်ပြီး၊ နိုင်ငံအတွက် ပထမဦးဆုံး ရေအလွန် နက်သောဒေသ (Ultra Deep Water) ရှိ ကမ်းလွန်စီမံကိန်းဖြစ်သောကြောင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ကဏ္ဍ အသီးသီးတွင် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာများဖြင့် စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအား ရည်ရွယ်ပြီး ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်ရောင်းချမှု ဆိုင်ရာ ကဏ္ဍများတွင် ဘဏ္ဍရေးဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေးအတွက် Adjustment of Production Sharing Contracts and Fiscal Terms များဆိုင်ရာ စာချုပ်များ ချုပ်ဆိုခြင်း ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
16-Dec-2019