The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဥက္ကဋ္ဌနှင့်

အဖွဲ့ဝင်များအား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍

တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ( )ရက်

**************************************************

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မတ် ၂ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့ရှိပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးသို့ ရောက်ရှိပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး သည် မိမိတို့ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုပင်ဖြစ်ပါကြောင်း၊ လက်ရှိ ထုတ်လုပ်မှုအရ (၃၀၀၀) မဂ္ဂါဝပ်ရှိသဖြင့် နောင်လာမည့်(၂)နှစ် (၃)နှစ်တွင် နောက်ထပ် (၃၀၀၀)မဂ္ဂါဝပ် ခန့်လိုအပ်မည် ဖြစ်ကြောင်း၊

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ မှုဝါဒ နှင့် အညီ (၃) နှစ်အတွင်း နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ စီစဉ်ဆောင်ရွက်နေပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်း လျာထားချက်များအရ စောလျင်စွာပြီးမည့် စီမံကိန်းများ၊ အလယ်အလတ် စီမံကိန်းများ နှင့် နောက်ကျဆုံး(၄၂) လအတွင်း လိုအပ်လျက်ရှိသည့် မဂ္ဂါဝပ်(၃၀၀၀)ခန့်ကို ရရှိ လာမည်ဖြစ်ပါကြောင်း၊ အခြားဘက်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာစီမံ ကိန်းများ၊ LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ကိုလည်း ဆောင်ရွက် နေပြီ ဖြစ်ပါကြောင်း၊ ထားဝယ်ကံပေါက်ဒေသတွင် (၁၂၃၀)မဂ္ဂါဝပ်နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ မီးလောင်ဂျိုင့်ဒေသတွင် (၁၃၉၀)မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံကြီး (၂)ရုံးအား (၃)နှစ် အတွင်း ပြီးစီးရန် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ထိုထုတ်လုပ်မှုနှင့် အတူထုတ်ယူရရှိသည့် ဓာတ်အားများကို သယ်ယူရန်အတွက် Transmission System ကို ကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ နောင်တွင် တောင့်တင်းခိုင်မာသည့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမည့် စနစ်ဖြစ်ရန် မဟာဓာတ်အားလိုင်းအား ၂၃၀ ကေဗွီမှ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းသို့ အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊

လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ပါက နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုဝင် ရောက်လာမည်ဖြစ်ကြောင်း၊ လက်ရှိ မောင်းနှင်နေသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များ၏ သက်တမ်းမှာ ကြာမြင့်လာပြီး စက်စွမ်းရည်ပြည့် မောင်းနှင် နိုင်ခြင်း မရှိသောကြောင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ (၃)နှစ်အတွင်း ဓာတ်အား လိုအပ်ချက်များကို ပြည့်မီရန် ဓာတ်အားပေးစက်ရုံများ ဆောင်ရွက်ရမည် ဆိုပါက LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကို စဉ်စားရမည်ဖြစ်ပါကြောင်း၊ ယနေ့ဓာတ်အား လိုအပ်ချက်ကြောင့် ကာလတို အနေဖြင့် LNG သဘာဝဓာတ်ငွေ့ကို ဝယ်ယူ အသုံးပြုသွားမည် ဖြစ်သော်လည်း ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ကို စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် အချိန်ကာလတွင် LNG ဝယ်ယူမှုကို လျော့ချပြီး ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ကိုသာ ပြန်လည်အသုံးပြု၍ ဓာတ်အား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးပေးမည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ၁၃၂ ကေဗွီတောင်ကြီးပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ Switch Yard အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
02-Mar-2018