The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နမ့်စန်ပင်မဓာတ်အားခွဲရုံအား ကြည့်ရှု စစ်ဆေးသည့် သတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အထက်ကျိုင်းတောင်း

ရေအားလျှပ်စစ်စီမံကိန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နမ့်စန်ပင်မဓာတ်အားခွဲရုံအား

ကြည့်ရှု စစ်ဆေးသည့် သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ) ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ရှမ်းပြည်နယ်လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးဆွေသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ မတ်လ(၃)ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေး နိုင်ရန်ရည်ရွယ်၍ ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄) မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိစစ်ဆေးခဲ့ ပါသည်။

အဆိုပါစီမံကိန်း၏ ပင်မရေလှောင်တမံမှာ  အလျား(၁၈၀၀)ပေ အမြင့်(၂၃၀)ပေရှိ ဇုန်အမျိုးအစားတမံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ (၁၀၄၀၀၀)ဧကပေ သိုလှောင် နိုင်ပြီး စက်တပ်ဆင်အင်အား (၁၇)မဂ္ဂါဝပ်ရှိ စက်(၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇)သန်း ထုတ်လုပ်ပေးနိုင် မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပါသည်။

အလားတူ ကျိုင်းတောင်းမြို့၏ တောင်ဘက်(၁၈)မိုင်ခန့်အကွာ နမ့်တိန်ချောင်း ပေါ်တွင် တည်ဆောက်ပြီး ကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စက်တပ်ဆင် အင်အား(၅၄) မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ပျမ်းမျှကီလိုဝပ်နာရီ သန်းပေါင်း(၃၇၇.၆) သန်းကို  နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက် ဓာတ်အားပို့လွှတ်ပေးလျက် ရှိပါသည်။

အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းအား ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၄င်းစီမံကိန်းမှ ထွက်ရှိ လာမည့် လျှပ်စစ် ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် ချိတ်ဆက်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဖြန့်ဖြူး ပေးသွားမည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ် မရောက်ရှိသေးသည့် ကျိုင်းတုံမြို့ အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများသို့ ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်းသစ် (၁၅၅)မိုင် တည်ဆောက်ရေးစီမံကိန်းနှင့် ထွက်ရှိလာမည့် ဓာတ်အားများကို လက်ခံဖြန့်ဖြူးပေးနိုင်ရန် နမ့်စန်ခွဲရုံအတွင်း ၂၃၀ကေဗွီ  Switch Yard တိုးချဲ့ခြင်း လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးသွားရန် လျာထားဆောင်ရွက် လျက်ရှိပါသည်။ အလားတူ ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့များတွင်လည်း ၂၃၀ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းအား ဓာတ်အားလိုင်းစီမံကိန်းနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

  အဆိုပါစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်းရှိ အထက်ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိ စစ်ဆေးစဉ် စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်း ညွှန်ကြားရေးမှူးမှ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်  စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ  ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစန်းဝေမှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက် ကြရန်နှင့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ပင်မတမံ မြေဖို့ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ ကျောက်သားနံရံခိုင်ခန့်မှုလုပ်ငန်း၊ ရေထိန်းတံခါးပြွန် မြေကြီးကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေသွယ်ဉမင်လိုဏ် တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ၂၃၀ ကေဗွီ နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ဓာတ်အားခွဲရုံမှူးမှ ဓာတ်အား လက်ခံ၊ ပို့လွှတ်၊ ဖြန့်ဖြူးမှု အခြေအနေများကိုလည်းကောင်း၊ မဟာဓာတ်အားလိုင်းမှူး(နမ့်စန်)မှ ဓာတ်အားလိုင်းများ ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဓာတ်အား ပို့လွှတ်ရေးစီမံကိန်းများဌာန(မြောက်ပိုင်း) ညွှန်ကြားရေးမှူးမှ ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်းသစ် (၁၅၅)မိုင် တည်ဆောက်ခြင်းနှင့် နမ့်စန်ဓာတ်အားခွဲရုံအတွင်း Switch Yard တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးချုပ် တို့မှဖြည့်စွက်ရှင်းလင်း တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ပြီး Switch Yard တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
03-Mar-2018