“လေးမြို့ (၁) ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု
အစီရင်ခံစာ”နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့်သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၈) ရက်
“လေးမြို့ (၁) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအစီရင် ခံစာ” နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallary ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဆက်ခင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Oliver RICHARD နှင့် တာဝန်ရှိသူများ၊ လေးမြို့ (၁) ရေအား လျှပ်စစ်စီမံကိန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ပြင်သစ်နိုင်ငံ TRACTEBEL ENGINEERING S.A. ၊ ENGIE Group ၊ FASEP Club Guests တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအား ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့် အရင်းအမြစ်များအပေါ်အခြေခံ၍ ထုတ်လုပ်လျက်ရှိရာ နှစ်စဉ် ၁၅ % တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း၊ ယနေ့ထုတ်လုပ်မှုပမာဏမှာ ၃၀၀၀ မဂ္ဂါဝပ် ခန့်ရှိပြီး ပြည်တွင်းမြင့်မားလာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို သုံးသပ်ရာတွင် ၂၀၂၁ ခုနှစ်တွင် စုစုပေါင်း ၆၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာလည်း စတင်ကျဆင်းလာမည်ဖြစ် သောကြောင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအား အချိန်မီ ဖြည့်ဆည်း နိုင်ရေးအတွက် Liquefied Natural Gas (LNG) မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို Short to Medium Term အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ရန် LNG to Power Projects များ အတွက် Notice to Proceed အား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အနာဂတ်တွင် ပြည်တွင်း၌ ရှာဖွေတွေ့ရှိလာမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ် နိုင်မှုမရှိသော ကြားကာလတွင် LNG to Power Project အား ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ထားဝယ်ခရိုင်၊ ကန်ဘောက် ဒေသတွင် ဆောင်ရွက်မည့် ၁၃၂၀ မဂ္ဂါဝပ် LNG to Power Project တွင် Gas Turbine နှင့်အတူ Transmission Line များ တည်ဆောက်မှုတို့ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် အနာဂတ်နိုင်ငံတော်၏ စက်မှုလုပ်ငန်းနှင့် အခြားစီးပွားဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာ အထောက်အပံ့ဖြစ်စေ မည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မည့် Total ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ မှစ၍ ယနေ့အထိ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ပြင်သစ်ကုမ္ပဏီများမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် လေးမြို့ (၁) ရေအားလျှပ်စစ်စီမံကိန်းသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ပြင်သစ်ကုမ္ပဏီများမှ မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ အတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Oliver RICHARD နှင့် ENGIE GLOW မှ တာဝန်ရှိသူတို့က မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍများတွင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာ စကားများ ပြောကြားကြပါသည်။
ထို့နောက် TRACTEBEL ENGINEERING S.A. မှ တာဝန်ရှိသူက လေးမြို့ (၁) နှင့် လေးမြို့ (၂) ရေအားလျှပ်စစ်စီမံကိန်းစူးစမ်းလေ့လာမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက် သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
၎င်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ တက်ရောက်လာကြ သူများက အပြန်အလှန် ဆွေးနွေးပြောကြားပြီး ဆွေးနွေးပွဲကို ၈-၃-၂၀၁၈ ရက်နေ့မှ ၉-၃-၂၀၁၈ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။