၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ခုနှစ်၊ ဧပြီလ (၇) ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနကြီး(က) အဆင့်ဓနိတောသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးသန့်စင်မှ တိုင်းဒေသကြီး/ပြည်နယ် ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်သိမ်းကြီးကြပ်ရေးဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ၊ စက်သုံး ဆီအရောင်းဆိုင်များ လိုင်စင်စိစစ်ခွင့်ပြုမှုအခြေအနေနှင့် စက်သုံးဆီအရည်အသွေးပိုင်း စစ်ဆေးမှုအခြေအနေ များကိုလည်းကောင်း၊ ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(က) အဆင့်ဓနိတော အထွေထွေမန်နေဂျာမှ စက်သုံးဆီသိုလှောင်ကန်များ တည်ဆောက်ထားမှုအခြေအနေ၊ လက်ရှိစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးမှုအခြေ အနေ၊ လုံခြုံရေး၊ မီးဘေးကာကွယ်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားမှုအခြေအနေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လအလိုက် ကုန်ကျစရိတ်နှင့် ဝင်ငွေအခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ရေနံထွက်ပစ္စည်းများ၏ အရည်အသွေးပြည့်မီ ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လူ၊ ပစ္စည်း၊ ယာဉ်ယန္တရားများ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်လိုကြောင်း၊ စက်သုံးဆီအရည်အသွေး၊ အချင်အတွယ်မှန်ကန်ကောင်းမွန်ရေးနှင့် ပြည်သူလူထုကိုအကျိုးပြုသည့် အဖွဲ့ အစည်းမျိုးဖြစ်ရန် အမြဲတွန်းအားပေးပြီးဆောင်ရွက်ကြရန်နှင့် နှစ်သစ်မှစ၍ စိတ်ဓာတ်တွေကို ပြုပြင်သွား ကြရန် မှာကြားပြီး ပင်မသိုလှောင်ရုံအတွင်း ရေယာဉ်တွဲ၊ မီးရထားတွဲ၊ ဆီသယ်ယာဉ်များနှင့် မီးဘေး အန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်ထားမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) မြေညီထပ်အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အချိန်တိုအတွင်း ရရှိအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃)နှစ်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ပြည့်မီအောင် ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ နောက်ထပ် (၃၀၀၀) မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရန် LNG သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ တွင် ကုမ္ပဏီ (၄) ခုနှင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရာတွင် ရင်းနှီးမြှပ်နှံမှုပမာဏ များပြားသလို ဆောင်ရွက်ချိန်ကြာမြင့်သဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Transmission System ကို ကောင်းမွန်အောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် (500)kV ဓာတ်အားလိုင်းကွန်ယက်များကိုလည်း ဆောင်ရွက်သွားဖို့ရည်ရွယ်ထားပါကြောင်း၊ ပြည်တွင်းသုံးစက်သုံးဆီ၊ ချောဆီများအား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖြစ်ရန်လိုအပ်ပါကြောင်း၊ လောင်စာဆီတင် ယာဉ်များနှင့်ပတ်သက်၍ အန္တရာယ်ကင်းရှင်းစွာသယ်ပို့နိုင်ရေး ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စံချိန်စံညွှန်းပြည့်ဝပြီး ဈေးနှုန်းသင့်တင့်သည့် စက်သုံးဆီများဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များတစ်နေရာတည်းတွင် စုပြီးရောင်းချနေခြင်းမျိုး မဖြစ်ရန်စီမံခန့်ခွဲဖို့လိုအပ်ပါကြောင်း၊ စက်သုံးဆီသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်း လမ်းမှဆီတင်ယာဉ်များဖြင့်ပို့ဆောင်ခြင်းအပြင် ရထားတွဲများဖြင့် ပို့ဆောင်ခြင်း၊ ရေယာဉ်ဆီတွဲများဖြင့် ပို့ဆောင်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍမှ ပိုမိုရင်းနှီးမြှပ်နှံနိုင်ရေးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အနာဂတ်တွင် နိုင်ငံတကာအဆင့်မီ စက်သုံးဆီများရောင်းချဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နိုင်ရန် အရေးကြီး ပါကြောင်း၊ မှန်ကန်သော အကျိုးအမြတ်ရှိနိုင်သည့် ရင်းနှီးမြှပ်နှံမှုမျိုးဖြစ်ရန်လိုအပ်ပါကြောင်း၊ ပြည်သူ လူထုနှင့်အစိုးရ ပူးပေါင်း၍ အတူတကွဝိုင်းဝန်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်မှ ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေ သောအခြေအနေများ၊ ဥပဒေပိုင်း ဆိုင်ရာသိထားသင့်သော အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီအဖွဲ့အစည်းများမှ စက်သုံးဆီ အရည်အသွေးကိစ္စနှင့်ပက်သက်၍ ဆောင်ရွက်နေသော အခြေအနေ၊ စျေးနှုန်းထိန်းသိမ်းရေးနှင့်ပက်သက်၍ ယခု လက်ရှိစျေးနှုန်းအခြေအနေ၊ မိမိတို့ နိုင်ငံစက်သုံးဆီစျေးနှုန်းနှင့် အာဆီယံနိုင်ငံများ၏ စက်သုံးဆီဈေးနှုန်း အခြေအနေနှင့် စက်သုံးဆီအရောင်းဆိုင် လိုင်စင်သက်တမ်းတိုးရာတွင် ပတ်ဝန်းကျင်ထောက်ခံချက်များ လိုအပ် နေသည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးမှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။