၂၀၁၈ ခုနှစ်၊ ဇွန်လ ( ၂ ) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ် ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၂ ရက်နေ့ ၊ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်းရှိ မြောက်ပိုင်းခရိုင်ရုံးခွဲရုံသို့ ရောက်ရှိရာ တာဝန် ရှိသူများမှ မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ဓာတ်အားလိုင်းများ လိုင်းအပြစ်ဖြစ်ပွားမှုလျော့နည်းရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေ နှင့် ပြည်သူ များလျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေအနေ တို့အား ရှင်းလင်းတင်ပြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်အခြေအနေများအား မျှော်မှန်း၍ ကြိုတင်စီမံဆောင်ရွက်ထားရန်၊ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရရှိရေး အလေးထားဆောင်ရွက်ရန်နှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်သည် ခရိုင်(၄)ခုတွင် ဧရိယာအကျယ်ဆုံးဖြစ်ပြီး 230 kV ဓာတ်အားခွဲရုံ(၆)ရုံ၊ 66 kV ဓာတ်အားလိုင်း(၃)လိုင်း၊ 33 kV ဓာတ်အားလိုင်း (၆၆)လိုင်း၊ ဗို့အားမြင့်ကောင်းကင်ဓာတ်အားလိုင်း(၁၇၃၈)မိုင်နှင့် မြေအောက်ဓာတ်အား လိုင်း(၃၁)မိုင်ခန့်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ဓာတ်အားသုံးစွဲမှုမှာ (၅၉၂) မဂ္ဂါဝပ်အထိရှိပါသည်။ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဖြစ်သည့် သစ်ပင်ခုတ်ခြင်း၊ ဟောင်းနွမ်းကြွေသီးများ လဲလှယ်ခြင်း၊ Jumper Connectionများပြုပြင်ခြင်း၊ Auto Recloser များတပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် တိုးတက်လာသော ဓာတ်အားသုံးစွဲမှု များအတွက် ဓာတ်အားခွဲရုံများ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်(၈)မြို့နယ်၌ ဓာတ်အားခွဲရုံများတိုးချဲ့ပြီး တပ်ဆင် အင်အား (၁၆၀)အမ်ဗွီအေ အထိ တိုးချဲ့တပ်ဆင် ပေးနိုင်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ Young In Engineering Co., Ltd. ၏ ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ကုမ္ပဏီ မှတာဝန်ရှိသူများက လှော်ကားခွဲရုံနှင့် လှည်းကူးခွဲရုံကြား သွယ်တန်းထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်းတွင် တပ်ဆင်ထားသည့် Fault Location System နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များ မေးမြန်ဆွေးနွေး၍ လုပ်ငန်း သုံးပစ္စည်းများအား ကြည့်ရှုပြီး၊ ၃၃ ကေဗွီ မြောင်းတကာ-ကြက်ဖြူကန်လိုင်းနှင့် ၃၃ ကေဗွီ မြောင်းတကာ-မှော်ဘီလိုင်းများ၏ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေ တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန မြောင်းတကာပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် Switchyard အတွင်း 155 MVA ထရန်စဖော်မာအသစ် တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် လှိုင်သာယာ မြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်ရှိ Asia General Electric Co., Ltd. ၏ Medium Voltage and Low Voltage Switchgear Panel Factory တွင် ပြုလုပ်သည့် ABB Licensed Products Launching Ceremony သို့ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် Asia General Electric Co., Ltd. အနေဖြင့် Switchgear, Panel Product များအား နည်းပညာပိုင်းဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်မှုအားရှေးရူ၍ နိုင်ငံတကာနှင့်အညီ ရင်ဘောင်တန်းနိုင်စေရန်ရည်ရွယ်၍ ကြိုးပမ်းအားထုတ်မှုအတွက် ယခုအချိန်တွင် ABB (Switzerland) မှ Licensed Agreement အား ထိုက်ထိုက် တန်တန် ရရှိခဲ့ပြီးဖြစ်သည့်အတွက် များစွားဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ABB ၏ နည်းပညာလမ်းညွှန်မှုဖြင့် နိုင်ငံတကာစံချိန်စံညွှန်းမီ Medium Voltage and Low Voltage Switchgear Panel Product များအား ပြည်တွင်း၌ပင် ထုတ်လုပ် နိုင်တော့မည် ဖြစ်သည့်အတွက် များစွားဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာန Training Center သို့ Asia General Electric Co., Ltd. နှင့် ABB ပူးပေါင်း၍ ABB License ဖြင့် ထုတ်လုပ်ထားသော Medium Voltage Switchgear type Unit Safe အားပေးအပ်လှူဒါန်းခြင်း အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်၏နည်းပညာတိုးတက်မှုကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြည့်ဆည်း ပေးနေသည့် Asia General Electric Co., Ltd. အနေဖြင့် ပြည်တွင်း၌သာမက ပြည်ပ စျေးကွက်များကိုပါ ထိုးဖောက် အောင်မြင်မှုရရှိနိုင်ပြီး အနာဂါတ်တွင်လည်း မြန်မာနိုင်ငံ ၏ လျှပ်စစ်နည်းပညာ အဆင့်အတန်း တိုးတက်မြင့်မားရန်အတွက် စွမ်းစွမ်းတမံကြိုးပမ်း အားထုတ်သွားရန် ဆန္ဒပြုပါကြောင်းပြောကြား၍ Asia General Electric Co.,Ltd. မှ Medium Voltage Switchgear type Uni Safeအား တာဝန်ရှိသူမှ ပေးအပ် လှူဒါန်း ရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုခဲ့ပါသည်။