The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့အနီး၊ ရွှေလီမြစ်ပေါ်ရှိရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်သည့် အခမ်းအနားကျင်းပပြုလုပ်

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ( ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်ရှိရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်အတွက် Notice to Proceed (NTP) ပေးအပ်သည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၀၆:၀၀ နာရီအချိန်တွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Olivier Richard၊ ဂျပန်နိုင်ငံစီးပွားရေးကောင်စစ်ဝန် Mr. Kazuyuki Takimi နှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြင်သစ်နိုင်ငံ Electricite De France S.A (EDF)၊ ဂျပန်နိုင်ငံ Marubeni Corporation နှင့် မြန်မာနိုင်ငံ ဧရာဟင်္သာကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါ သည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံနှင့် အဖက်ဖက်မှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြင့်တက်လာအောင် ဝိုင်းဝန်းကူညီပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် ဂျပန်သံရုံးတို့အားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများ၏ ချမ်းသာသုခရရှိစေရေး တွင် စီးပွားတိုးတက်မှုတစ်ခုတည်း၌သာ တည်မှီနေခြင်းမဟုတ်ဘဲ သဘာဝအရင်းအမြစ် များကို တာဝန်ယူစိတ်ဖြင့် စီမံခန့်ခွဲနိုင်မှုမှာလည်း လိုအပ်ပါကြောင်း၊ စွမ်းအင်ဖူလုံမှုသည် အားလုံးအတွက် ဦးစားပေးမဏ္ဍိုင်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် စွမ်းအင်အရင်း အမြစ်များကို အကန့်အသတ်ဖြင့်သာ သုံးစွဲသင့်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှု၏ ဒုက္ခများကို ပြန်လည်ခုခံနိုင်ရန် သန့်ရှင်းသောစွမ်းအင်မူဝါဒများချမှတ်၍ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုသည် နိုင်ငံ၏ စီးပွားရေးအတွက် လိုအပ်သောစွမ်းအားအဖြစ် ဒွန်တွဲလျက်ရှိပါကြောင်း၊ ယခု NTP ပေးအပ်ခြင်းဆောင်ရွက်မှုသည် မိမိတို့အစိုးရအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုကိုလည်း ထပ်လောင်းအတည်ပြုခြင်းလည်း ဖြစ်ပါကြောင်း၊ NTP သည် စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစပြုခြင်းသာဖြစ်ပြီး ဆောင်ရွက်ရန်ကိစ္စများ များစွာရှိပါကြောင်း၊ စီမံကိန်းအတွက ်စီမံလျာထားမှုများ၊ ဒီဇိုင်းနှင့် အင်ဂျင်နီယာလုပ်ငန်းများ၊ လိုအပ်သောစီမံကိန်းစာချုပ် (JVA, PPA, LLA) နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ ခွင့်ပြုချက်များ ရယူရန်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လူမှုပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စွမ်းအင်စီမံချက်များကို ပါရီသဘောတူစာချုပ်နှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေးကို ကတိပြုထားပြီးဖြစ်သကဲ့သို့ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးကိုလည်း မြှင့်တင်သွားရန်ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဒေသခံများ၏ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ ရွှေလီမြစ်ပေါ်တွင် အဆင့်ဆင့်သောတမံများကို တည်ဆောက် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်းမှ အရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးပြုမှုဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်သုံးစွဲမှုအချိုးအစားအတွက် လွှမ်းခြုံသောမဟာဗျူဟာမြောက် အရေးပါမှုတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူနေမှုဘဝမြှင့်တင်မှုကို ရေရှည်ကာလတစ်လျှောက် အကျိုးပြုသွားမည်မှာသေချာပါကြောင်း၊ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းမှ တစ်နှစ်လျှင်ဓာတ်အားယူနစ်(၂၆၂၀) သန်းထုတ်လုပ်နိုင်မည်ဖြစ်ပါပြီး ယင်းဓာတ်အားသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်ရာ တချိန်တည်းတွင် ဓာတ်အားပို့လွှတ်ရေးလိုင်းများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက တည်ဆောက်ပြီးသုံးစွဲသူများထံ ပို့ဆောင်ပေးမည်ဖြစ်ကြောင်းတို့အား ​ပြောကြားခဲ့ပါသည်။။

          ဆက်လက်၍ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Olivier Richard၊ ဂျပန်နိုင်ငံစီးပွားရေးကောင်စစ်ဝန် Mr. Kazuyuki Takimi နှင့် ပြင်သစ်နိုင်ငံ EDF ၏ Senior Executive Vice President Mrs. Marianne Laigneau တို့မှ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် အတွက် NTP ရေးထိုးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြပါသည်။

          ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများအား ဝန်ကြီးဌာနမှ အကောင်အထည်ဖော်မည့် ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာအချက်အလက် Video Clip အား ပြသခဲ့ပြီး၊ လုပ်ငန်းရှေ့ဆက်လက်ဆောင်ရွက်ရန်အတွက် NTP စာချုပ်လက်မှတ်ရေးထိုးကြရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး နှင့် ပြင်သစ်နိုင်ငံ Electricite De France S.A (EDF)၊ ဂျပန်နိုင်ငံ Marubeni Corporation နှင့် မြန်မာနိုင်ငံ ဧရာဟင်္သာကုမ္ပဏီတို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

          အဆိုပါ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်တွင် တည်ရှိပြီး ရွှေလီမြစ်ပေါ်ရှိအဆင့်ဆင့်သော တမံများမှ တစ်ခုဖြစ်ပါကြောင်း၊ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း (၆၇၁) မဂ္ဂါဝပ်သည် လက်ရှိလည်ပတ်နေသော ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၆၀၀) မဂ္ဂါဝပ်နှင့် အနာဂတ်စီမံကိန်းတစ်ခုဖြစ်သည့် ရွှေလီ (၂) ရေအားလျှပ်စစ်စီမံကိန်း (၅၂၀) မဂ္ဂါဝပ်တို့မှ ထုတ်လွှတ်လိုက်သည့် ရေကိုအကျိုးရှိစွာသုံးစွဲပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဖြစ်ရာ ရွှေလီမြစ်ပေါ်ရှိ အဆင့်ဆင့်သော ရေအားလျှပ်စစ်စီမံကိန်းများ၏ တပ်ဆင်စက်အင်အားမှာ (၁၇၉၁) မဂ္ဂါဝပ်ရှိလာမည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် လျှပ်စစ်ဓာတ်အားသုံးစွဲလိုမှု (၈,၀၀၀) မဂ္ဂါဝပ်မှ (၁၀,၀၀၀) မဂ္ဂါဝပ်အတွက် တဖက်တလမ်းမှ အထောက်အကူပြုပါကြောင်း၊ အိမ်ထောင်စု(၆၀,၀၀၀) ခန့်ကိုလည်း လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်မည့်အပြင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်၍ National Electrification Plan ကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
05-Sep-2018