The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ  (  ၅  )  ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်း၊ ဦးတည်ချက်၊ ရည်ရွယ်ချက်များကို နိုင်ငံတော်၏မူအရ အခြားဌာနများနှင့်ညှိနှိုင်း၍ လုပ်ငန်းတစ်ခုချင်းအား ပုံမှန်ဆောင်ရွက်သွားခြင်းဖြင့် အချိန် အတိုင်းအတာတစ်ခုအတွင်း အောင်မြင်မှုများ ရရှိလာမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသအလိုက် သာတူညီမျှ တိုးတက်ရေးအတွက် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအားဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှုကဏ္ဍသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍအနေဖြင့်ပါဝင်ကြောင်း၊ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် တိုင်းပြည်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအကြောင်းအရင်းဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အချိန်တိုတိုနှင့် မြန်မြန်ရရှိမည့်နည်းလမ်းများကို အသုံးပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့်ဌာနဖြစ်သည့်အတွက် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြိုးနီစနစ်ကို တတ်နိုင်သမျှလျှော့ချပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ စည်းမျဉ်းစည်းကမ်းများဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများအား ပြည်သူများသိရှိ စေရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များအားလည်း မိမိတို့မှ အချိန်နှင့်တစ်ပြေးညီ မျက်ခြေမပြတ်သိရှိနိုင်ရေး စောင့်ကြည့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းများတွင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများဖြစ်ပေါ်နေခြင်းသည် အားလုံးနှင့် သက်ဆိုင်မှုရှိ၍ နည်းပညာပိုင်းအရ အားနည်းချက်များ၊ Losses များ၊ စွမ်းဆောင်ရည်များကို စိစစ်၍ ထုတ်လုပ်မှုစွမ်းရည်များကို ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူရသည့်ဒေသရှိ မြို့နယ်ရုံးများ၊ ဓာတ်အား ခွဲရုံများသို့သွားရောက်၍ သေချာစွာကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား စစ်ဆေးပြုပြင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ အနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (National Electrification Plan-NEP) ဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားလိုင်းများ သွယ်တန်းရာတွင် အဓိက ဖြစ်သည့် မြေယာကိစ္စများအား သေချာစွာ ညှိနှိုင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ် ဧရိယာအတွင်းရှိပြည်သူများ လျှပ်စစ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် အခက်အခဲများ၊ လိုအပ်ချက်များရှိလာပါက ဆက်သွယ်ဆောင်ရွက်နိုင်ရန် Call Center များ ထားရှိပေးရန်လိုအပ်ကြောင်း၊ ကျေးလက်လျှပ်စစ်မီးရရှိရေးကော်မတီ များအတွက် အထောက်အကူပြုစေရန် လျှပ်စစ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ယခုအချိန်အခါတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တတ်မြောက်ထားသည့်ပညာရပ်များဖြင့် စေတနာထား၍ အနစ်နာခံပြီး ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထုအတွက် သင့်တော်သောစျေးနှုန်းဖြင့် ဝန်ဆောင်မှု ကောင်း၍ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်သည့် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများမှ မိမိတို့ဒေသအလိုက် လျှပ်စစ်ဓာတ်အား ရရှိမှုနှင့် ဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ၂၀၁၈-၂၀၁၉ ခုနှစ် Mini Budget ပါလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ နှစ်အလိုက် အမြင့်ဆုံးသုံးစွဲမှု ဝန်အား အခြေအနေ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ကာကွယ် နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြရာ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးစောဝင်းမောင်မှ တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။

          ၎င်းနောက် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးမှ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဓာတ်အားပြတ်တောက်မှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်မှ ဆက်လက်ဆောင်ရွက်မည့် ၂၃၀ ကေဗွီနှင့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် အစီအစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြ ကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများသည် မိမိတို့ဒေသအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအတွက်သာမကဘဲ နိုင်ငံတော်၏မူဝါဒများ အကောင် အထည်ဖော်ဆောင်ခြင်းအပိုင်းများတွင် မည်ကဲ့သို့ ပါဝင်ပတ်သက်သည်ကို သိရှိရန်နှင့် မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများတွင်လည်း ပြည်ထောင်စုဝန်ကြီးဌာနကိုယ်စားဦးဆောင်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအစည်းအဝေးတွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် ဝန်ကြီးဌာန၏ အစီအမံများကိုလည်း ချပြရှင်းလင်းပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများအနေဖြင့် မိမိတို့ဒေသအသီးသီးအလိုက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ရှုမြင်မှုကျယ်ပြန့်စွာဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ လျှပ်စစ်ကဏ္ဍပတ်သက်သည့် လိုအပ်ချက်များအား ဝိုင်းဝန်း ကူညီ၍ အကြံဉာဏ်များပေးရန်လိုအပ်ကြောင်း၊ တိုင်းနှင့် ပြည်နယ်အလိုက် Electrification Ratio တိုးတက်အောင် စီမံကိန်းများ ချပြခဲ့ပြီးဖြစ်၍ အဆိုပါစီမံကိန်းများ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေမှုများအား ရှုမြင်သုံးသပ်ပြီး လာမည့်နှစ်များတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
06-Sep-2018