The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ (ပုပ္ပါး) နှင့် ၆၆ ကေဗွီ ပိန္နဲတော ဓာတ်အားခွဲရုံ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (    ၂၅  ) ရက်

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ပုပ္ပါးမြို့၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ငါးရံ့ကုန်းရွာအနီးတွင် တည်ရှိ သည့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ သဘာဝပိုဇိုလန်ထုတ်လုပ်ရေး စက်ရုံ (ပုပ္ပါး) ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

          ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံမှူးမှ သဘာဝ ပိုဇိုလန် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးမှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အား အထူးဂရုပြု အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          သဘာဝပိုဇိုလန်ကို ကွန်ကရစ်တမံကြီးများတည်ဆောက်ရာတွင် ကွန်ကရစ်အပူချိန် (Heat of Hydration) မြင့်တက်ခြင်းဖြစ်ပေါ်သဖြင့် အယ်ကာလီ-စီလီကာဓာတ်ပြုခြင်း (Alkali-Silica Reaction) ကို ထိန်းချုပ်ရန်လည်းကောင်း၊ တည်ဆောက်ချိန်ကာလ တိုတောင်း၍ ကုန်ကျစရိတ်သက်သာစေရန်လည်းကောင်း၊ သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေကို ရောနှောအသုံးပြု၍ RCC Dam (Roller Compacted Concrete Dam) များအဖြစ် တည်ဆောက်ရာတွင် အသုံးပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့် ရဲရွာကွန်ကရစ်ရေလှောင်တမံနှင့် အထက်ပေါင်းလောင်းကွန်ကရစ် ရေလှောင်တမံ တည်ဆောက်ရာတွင် သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေကို ရောနှောအသုံးပြု၍ တည်ဆောက် ခဲ့ခြင်းဖြစ်ပါသည်။ ယနေ့အထိ ထုတ်လုပ်ခဲ့သည့် ပိုဇိုလန်ကုန်ချောတန်ချိန်ပေါင်းမှာ ၅၆၈၀၈၉.၉ တန်ချိန်ဖြစ်ကြောင်း သိရှိရပါသည်။

          ထို့အပြင် သံချောင်းပုံစံဆင်ခြင်း (Structure Design) ဖြင့် ဆောက်လုပ်ခြင်း မဟုတ် သည့် တစ်ထပ်အဆောက်အဦးများနှင့် လမ်း၊ အုတ်တံတိုင်း၊ ရေကန် စသည့် အခြေခံ လူမှု အဆောက်အအုံများကို သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေရောစပ်၍ ကုန်ကျစရိတ်သက်သာစွာ ဖြင့် ကောင်းမွန်ခိုင်မာစွာ ဆောက်လုပ်နိုင်ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်း ၆၆ ကေဗွီ ပိန္နဲတောဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ခွဲရုံမှူးမှ ဓာတ်အားထိန်းချုပ်ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ ထရန်စဖော်မာ ဝန်အားပြည့် ဖြန့်ဖြူးနေရမှုအခြေအနေ၊ ဓာတ်အားလိုင်းများ၏ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးနိုင်ခြင်းမရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားခွဲရုံ Switchyard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
25-Nov-2018