၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Golden Green Energy Co., Ltd တို့အကြား လှော်ကားဓာတ်အားပေးစက်ရုံအား စက်စွမ်းအားပြည့် မောင်းနှင် ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် Rehabilitation, Joint-Operation, Maintenance and Management (ROMM) စနစ်ဖြင့် လုပ်ငန်းအပ်နှံခြင်း သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ Golden Green Energy Co., Ltd မှ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်စွမ်းရည်ကျဆင်းနေသည့် ဓာတ်အားပေး စက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်း ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး နှစ်အလိုက် တိုးတက်လာမည့်ဓာတ်အားကို နှစ်အလိုက် လိုအပ်ချက်များ အတိုင်း ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လှော်ကားဓာတ်အားပေးစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပါသော ဓာတ်အား ပေးစက်ရုံများအနက် (၁)ရုံဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားပေးစက်ရုံသည် ၁၉၉၅ ခုနှစ်တွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ပြီး ယခုအခါ သက်တမ်း (၂၂) နှစ်ခန့်ရှိ၍ စက်စွမ်းအင် ကျဆင်း လျက်ရှိပြီး တပ်ဆင်အင်အား(၁၅၄)မဂ္ဂါဝပ်ရှိသော်လည်း ပျမ်းမျှဓာတ်အား (၇၀)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ပေးနိုင်သဖြင့် အဆင့်မြှင့်တင်၍ အကြီးစားပြင်ဆင်ရန်လိုအပ်လျက်ရှိကြောင်း၊ လှော်ကား ဓာတ်အားပေးစက်ရုံအား အဆင်မြှင့်တင်ပြီး စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နိုင်ရန် အတွက် ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသည့် ကုမ္ပဏီများမှ အဆိုပြုလွှာများကို ဝန်ကြီးဌာနသို့ တင်ပြခဲ့ပါကြောင်း၊ အဆိုပါတင်ပြချက်များအပေါ်တွင် ဝန်ကြီးဌာနမှ အသေးစိတ်စိစစ်ရာ Golden Green Energy Co., Ltd မှ တင်ပြလာမှုသည် အချက်အလက်ပြည့်စုံခိုင်မာမှု အရှိဆုံးဖြစ်ပြီး တစ်ယူနစ်ကုန်ကျစရိတ် အနည်းဆုံးဖြစ်ပါကြောင်း၊ Gas Turbine ကို ပြုပြင်ရာတွင် မူရင်းစက်ထုတ်လုပ်သည့် အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီနှင့်ပူးပေါင်း၍ ပြင်ဆင်သွားမည်ဖြစ်ခြင်းကြောင့် ၎င်းတို့မှ အာမခံထားသည့် ဓာတ်အား ပမာဏနှင့် ဓာတ်ငွေ့သုံးစွဲမှုတို့ကို စာချုပ်သက်တမ်း (၁၀) နှစ်ကာလအတွင်း လျော့ကျမှုမရှိဘဲ ထုတ်လုပ်နိုင်မည်ဟု စိတ်ချယုံကြည်နိုင်ခြင်းတို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက်ရယူခဲ့ပြီး Golden Green Energy Co., Ltd ကို လုပ်ငန်း အပ်နှံ ဆောင်ရွက်ရန်အတွက်ရွေးချယ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ လှော်ကားဓာတ်အားပေးစက်ရုံကို Golden Green Energy Co., Ltd ဖြင့် ပြုပြင်အဆင့်မြှင့်တင်ခြင်းအားဖြင့် တစ်ရက်လျှင် ၃၃၆,၀၀၀ ကီလိုဝပ်နာရီ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့်ဓာတ်အား ကို အချိန်တိုအတွင်း တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ရရှိနိုင်မည်ဖြစ်ပြီး ၂၀၁၉ နွေရာသီ အမီ စက်များ ပြုပြင်ပြီးစီး၍ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ လှော်ကား ဓာတ်အားပေးစက်များကို အလှည့်ကျရပ်တန့်၍ ပြုပြင်အဆင့်မြှင့်တင်ခြင်းကို လုပ်ငန်း အပ်နှံခြင်းစာချုပ်မချုပ်ဆိုမီ ကြိုတင်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီသို့ ၂၀-၆-၂၀၁၈ ရက်တွင် Letter of Acceptance ထုတ်ပေးခဲ့ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် စာချုပ်ပါသတ်မှတ်ချက် များနှင့်အညီ ပထမဆင့် ၅၉ မဂ္ဂါဝပ်ကို ၁၉-၁-၂၀၁၉ ရက်တွင်လည်းကောင်း ဒုတိယအဆင့် ၈၄ မဂ္ဂါဝပ်ကို ၁၉-၄-၂၀၁၉ ရက်နေ့တွင်လည်းကောင်း စီးပွားဖြစ် စတင်ဓာတ်အားထုတ်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် နိဂုံးချုပ်အားဖြင့် စာချုပ်သက်တမ်း (၁၀) နှစ်အတွင်း စက်များအားလုံးကို စက်စွမ်းရည်ကောင်းမွန်အောင် ကုမ္ပဏီမှ ROMM စနစ်ဖြင့် ပြုပြင် ထိန်းသိမ်းမောင်းနှင်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် စက်များ၏ သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုနိုင်ခြင်း၊ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ခြင်း သက်ဆိုင်ရာ ဒေသရှိ ပြည်သူများကို လုပ်ငန်းအဖွဲ့အစည်းများ၏ လူမှုရေးတာဝန်ကျေပွန်မှုကဏ္ဍဆိုင်ရာ ရန်ပုံငွေ (CSR Fund) အဖြစ် ကုမ္ပဏီအကျိုးအမြတ်၏ ၂% အား အသုံးပြုပေးသွားမည် ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့် ဒေသခံများအတွက် အကျိုးရှိစေမည့် စီမံကိန်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး Golden Green Energy Co., Ltd ၏ CEO ဦးခိုင်ဦးက စီမံကိန်း နှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့်အစီအစဉ်အကျဉ်းချုပ်အား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း နှင့် Golden Green Energy Co., Ltd ၏ CEO ဦးခိုင်ဦး တို့က လုပ်ငန်း အပ်နှံမှု သဘောတူစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး၊ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။