The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အားလိုင်း (၅၅.၀၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင်ပို့လွှတ်ခြင်းအခမ်းအနားကျင်းပ

 

        ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (   ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အား လိုင်း (၅၅.၀၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်ရေးနှင့် အဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးတို့အား ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများအားလုံးကို ဟန်ချက်ညီညီ ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နေလူထုအပြင်  တိုင်းရင်းသား သွေးချင်းများနေထိုင်ရာ ဝေးလံခေါင်ဖျားသည့်ဒေသများသို့ လျှပ်စစ်မီးရရှိနိုင်ရန်ကိုလည်း ခက်ခဲစွာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖားကန့်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်ရောက်ရှိရေး အတွက် ကချင်ပြည်နယ် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း(၅၅.၀၃)မိုင် တည်ဆောက်ခြင်းနှင့် ဖားကန့်တွင် ၆၆/၁၁ ကေဗွီ၊ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ ပါကြောင်း၊ မြေပြန့်လွင်ပြင်နည်းပါးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၃၀၀၀)ခန့်မြင့်သည့် တောင်ကုန်းတောင်တန်းများ၊ နက်ရှိုင်းသောချောက်၊ လျှိုများကို ဖြတ်သန်းတည်ဆောက်ရခြင်း ကြောင့်လည်းကောင်း၊ ဥရုချောင်းအား ဖြတ်ကျော်သွယ်တန်းရာတွင် ကွန်ကရိတိုင်များအစား Lattice Tower များ အသုံးပြုဆောင်ရွက်ရခြင်းကြောင့်လည်းကောင်း စသည့်အခက်အခဲ များကြောင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပြီး (၁၆-၉-၂၀၁၈) ရက်နေ့တွင် မိုးကောင်းဓာတ်အားခွဲရုံမှ ဓာတ်အားကို ၆၆ ကေဗွီ မိုးကောင်း - ဖားကန့်ဓာတ်အားလိုင်းမှတဆင့် ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်နိုင်ခဲ့ ပါကြောင်း၊ ယခင်က ဓာတ်အားပေးစက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေသော ဖားကန့်မြို့ပေါ် ရပ်ကွက်(၅)ခု (အိမ်ထောင်စုပေါင်း(၄၅၀၉)စု)နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာပေါင်း(၂၂)ရွာ အိမ်ထောင်စုပေါင်း (၁၃,၄၆၄)စုကို ဖားကန့်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းလုပ်ငန်းအတွက် နိုင်ငံတော်မှ ပြည်တွင်းငွေကျပ် (၇.၈)ဘီလီယံခန့် ကျခံသုံးစွဲဆောင်ရွက်ခဲ့ရပြီး သဘာဝသယံဇာတ၊ သဘာဝအမွေအနှစ်များ ပေါများကြွယ်ဝသည့် ကချင်ပြည်နယ် ဖားကန့်ဒေသသည် လျှပ်စစ်မီးတထိန်ထိန်ဖြင့် စက်မှု လုပ်ငန်းများ ယခင်ကထက် ပိုမိုထွန်းကား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကချင် ပြည်နယ်တွင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် (၁၃)မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် (၄၃) မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ လက်ရှိ ကချင်ပြည်နယ်ခရိုင်(၄)ခုအတွင်းတွင်ရှိသည့် မြို့(၃၀)မှာ လျှပ်စစ်ဓာတ်အားများရရှိနေပြီး ကျေးရွာပေါင်း(၂၃၁၄)ရွာရှိသည့်အနက် ကျေးရွာပေါင်း(၁၃၁၄)ရွာသည် လျှပ်စစ်ဓာတ်အားများ ရရှိသုံးစွဲနေကြပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုအရေအတွက် စုစုပေါင်း (၂၆၉,၃၆၅) စုရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အိမ်ထောင်စု (၁၄၄,၁၂၂) စုကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သည့်အတွက် Electrification Ratio ၅၃.၅ % အထိ မြင့်တက်လာပြီဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများအနက် ကျေးရွာပေါင်း (၆၉)ရွာအား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အစိုးရအနေဖြင့် ဓာတ်အားစနစ်မှ လျှပ်စစ်မီးရယူသုံးစွဲနိုင်သည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့၊ ရွာများနည်းတူ  နိုင်ငံတော်ဓာတ်အားစနစ်နှင့် ဝေးကွာသောဒေသများ လျှပ်စစ်မီးရရှိရေး အတွက်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း Decentralization System ဖြင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသအတွင်းရှိ သဘာဝအရင်းအမြစ်များကို အခြေခံ၍ အသေးစား ရေအား၊ ဆိုလာများဖြင့် ဆောင်ရွက်လျက်ရှိရာ ဓာတ်အားစနစ်နှင့်ဝေးကွာသည့် ပူတာအိုမြို့ကိုလည်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းကို စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့သဖြင့် ပူတာအိုမြို့နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများအား ဓာတ်အားများ ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး ခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများအတွက် ကျပ် (၂၈.၉၅) ဘီလီယံခန့် ကုန်ကျခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်ဆဲဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း များအတွက် နိုင်ငံတော်က အမေရိကန်ဒေါ်လာ (၉၉.၂၆၄)သန်းနှင့် ပြည်တွင်းငွေကျပ် (၁၂.၃၃) ဘီလီယံခန့် ဆက်လက် ကုန်ကျခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေနှင့် ပြည်နယ်များနှင့် တိုင်းဒေသကြီးများအားလုံးက ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးကို အထူးအလေးထားပြီး တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိနိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ (၃,၄၈၃) မဂ္ဂါဝပ်ရှိပြီး ရေအားစက်ရုံ(၂၈)ရုံမှ (၂,၄၀၀) မဂ္ဂါဝပ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ(၁၆)ရုံမှ (၁,၀၈၃) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅%) မှ (၁၉%) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်မှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် (၄,၅၃၁)မဂ္ဂါဝပ်ခန့် တိုးတက် သုံးစွဲလာမည်ဟု ခန့်မှန်းရသည့်အတွက် စုစုပေါင်း (၂,၇၅၇) မဂ္ဂါဝပ်ကို ထပ်မံတိုးတက် ထုတ်လုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဓာတ်အားထုတ်လုပ်မှု များမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့အပြင် ၂၀၂၀ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာမည် ဖြစ်သည့်အတွက် LNG ဓာတ်ငွေ့သုံးစက်ရုံများဖြင့် စုစုပေါင်း (၃၀၀၀) မဂ္ဂါဝပ်ခန့်ကိုလည်း တည်ဆောက်၍ ဓာတ်အားတိုးတက်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀.၈၉)သန်းရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ အိမ်ထောင်စုပေါင်း ၄.၅၅ သန်း (၄၁.၅၂%) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိခဲ့ပြီးဖြစ်ရာ ၆.၃၃ သန်း (၅၈.၁၈%) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိရန် ကျန်ရှိလျက်ရှိပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံခြားချေးငွေအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ မတ်လတွင် အိမ်ထောင်စုအားလုံး၏ (၅၅%) ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် (၂၀၃၀) ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အား တိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယခုလိုနိုင်ငံတော်မှ ဘဏ္ဍာငွေ အမြောက် အမြား အကုန်ကျခံ ဆောင်ရွက်ပေးခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကချင်ပြည်နယ်၊ လမ်းပမ်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်က ၆၆ ကေဗွီ မိုးကောင်း - ဖားကန့် ဓာတ်အားလိုင်း (၅၅.၀၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင်ပို့လွှတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး မိုးကောင်းမြို့နယ် ဒေသခံပြည်သူ ဦးခမ်းဂေါန်နှင့် ဖားကန့်မြို့နယ် ဒေသခံပြည်သူ ဒေါ်မရမ်နမ်ဘောက်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

        ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖားကန့် ဓာတ်အားခွဲရုံသို့ စက်ခလုတ်နှိပ်၍ ဓာတ်အားစတင်ဖြန့်ဖြူးပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
10-Jan-2019