၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၉ ) ရက်
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ၁၆:၀၀ နာရီ အချိန်တွင် ကလေးမြို့၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီး ဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာန အကြီးအကဲများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မဟာဓာတ်အားလိုင်းမှူး (ဂန့်ဂေါ) နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မီးသုံးစွဲနိုင်သူဦးရေ Electrification Ratio အား တစ်နိုင်ငံလုံး၏ ၅၅ % အထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိနေ သကဲ့သို့ ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ စီမံ ဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တမူးမြို့အား လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူး၍ မိမိတို့နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ လျှပ်စစ် ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့ဒေသအား လျှပ်စစ် ဓာတ်အားအပြည့်အဝရရှိရန် နည်းလမ်းမျိုးစုံဖြင့် စဉ်းစား၍ စီမံဆောင်ရွက်သွားကြရန်လို ကြောင်း၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူး ပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် စိတ်ဝင်စားစွာဖြင့် သစ္စာရှိရှိ၊ စေတနာရှိရှိ အဂတိတရားကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
၎င်းနောက် တမူးခရိုင်နှင့် ကလေးခရိုင် လျှပ်စစ်အင်ဂျင်နီယာများမှ မိမိတို့ခရိုင် အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အား တိုးတက်သုံးစွဲမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြပြီး စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် ချင်းပြည်နယ်လျှပ်စစ်အင်ဂျင်နီယာတို့မှ တိုင်းဒေသကြီး/ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြရာ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်မှ ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်မှ ကလေးဝဒေသ မြောက်ခြမ်းရှိ မော်လိုက်၊ ဟုမ္မလင်း၊ ဖောင်းပြင်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် များအား ရှင်းလင်းတင်ပြ၍ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးမြို့နယ်အတွင်း လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ၂၃၀ ကေဗွီ ကလေးပင်မဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန၊ စီမံကိန်းညွှန်ကြားရေးမှူး(မြောက်ပိုင်း) ဦးမင်းနိုင်မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာလျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်မှ ဖြည့်စွက် ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် စနစ်တကျ ကိုင်တွယ်အသုံးပြုရေး တို့အား အထူးအလေးထား ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂၃၀ ကေဗွီ ကလေးပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကလေးမြို့နှင့်ပတ်ဝန်းကျင်ဒေသများအား လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်မည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းရှိ တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး အစရှိသည့်ဒေသများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့်စီမံကိန်း တစ်ခုဖြစ်ပါသည်။