၂၀၁၉ ခုနှစ်၊ မတ်လ ( ၂၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ပဲခူးတိုင်းဒေသကြီး (အရှေ့၊ အနောက်)၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း (၁၆၃၀) ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်း တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများဖြစ်သော Zeya & Associates Co.,Ltd ၊ Now Engineering Co.,Ltd ၊ Hitachi Soe Electric & Machinery Co.,Ltd ၊ Soe Moe Than Co.,Ltd ၊ JV of CNOOD Asia Limited & Danayazar Construction Co.,Ltd ၊ HT-LT Co.,Ltd နှင့် Aung Thaung Co.,Ltd စသည့် ကုမ္ပဏီ (၇) ခုတို့အကြား လုပ်ငန်းအပ်နှံသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စာချုပ်လက်မှတ်ရေးထိုးသည့် ကုမ္ပဏီများမှ မန်နေဂျင်း ဒါရိုက်တာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပထမအဆင့် အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ပထမအဆင့်စာရင်းပါ ကျေးရွာ ၅၀၈၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ် ပစ္စည်းများကို (International Competitive Bidding - ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများ ရောက်ရှိလျက်ရှိပါကြောင်း၊ ယခုအခါ ပထမအဆင့်ပါ ကျေးရွာများအတွက် တည်ဆောက်တပ်ဆင်ခြင်းတင်ဒါကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ခဲ့ပြီး ဝန်ကြီးဌာနကလည်း အတည်ပြု ထားပြီးဖြစ်ပါ၍ ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အိမ်ထောင်စု စုစုပေါင်း၏ မီးသုံးစွဲသူဦးရေမှာ ၃၄ % ခန့်ကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မီးသုံးစွဲသူ ၅၀ % အထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကာ ၂၀၃၀ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အား ၁၀၀ % အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းသည် ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးကို ဖော်ဆောင်ပေးမည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ထပ်မံ၍ နိုင်ငံတကာ နှစ်ရှည်ချေးငွေ အထောက်အပံ့များရရှိရေး အတွက်လည်း (International Development Partner - IDP) များနှင့်လည်း ညှိနှိုင်း ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Universal Electricity Access ရရှိရေးကိုလည်း ဖော်ဆောင်ပေးမည့် ရှေးဦးစီမံကိန်းတစ်ခုလည်းဖြစ်ကြောင်း၊ (National Electrification Plan- NEP) ၏ စီမံချက် ကနဦးအနေဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ကို ရယူကာ NEP ပထမအဆင့်ကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်းရှိ ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက် ရှိပြီး ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၆၂၆,၇၅၇ ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည်ဖြစ်ပြီး Electrification Rate ၅.၆ % ခန့် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်ပါ ကျေးရွာများအတွက် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တည်ဆောက်ရေးတင်ဒါ (၁၂) ခုကို ခေါ်ယူခဲ့ကာ ယခု စာချုပ်ချုပ်ဆိုခြင်း သည် ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမမြောက်စာချုပ်များအား တစ်ပြိုင်နက် ချုပ်ဆိုခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ၈၀၁ ရွာအတွက် အိမ်ထောင်စုဦးရေ ၈၀၇၂၆ စု တိုးလာနိုင်သဖြင့် Electrification Rate ၄၈.၀၁ % သို့လည်းကောင်း၊ ကရင်ပြည်နယ်တွင် ၁၉ ရွာအတွက် အိမ်ထောင်စုဦးရေ ၁၉၈၄ စု တိုးလာနိုင်သဖြင့် Electrification Rate ၂၈.၄၈ % သို့ လည်းကောင်း၊ မွန်ပြည်နယ်တွင် ၅၀ ရွာအတွက် အိမ်ထောင်စုဦးရေ ၈၅၈၄ စု တိုးလာ နိုင်သဖြင့် Electrification Rate ၅၃.၂၁ % သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆၁၂ ရွာအတွက် အိမ်ထောင်စုဦးရေ ၆၉၇၉၄ စု တိုးလာနိုင်သဖြင့် Electrification Rate ၂၂.၆၄ % သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၄၈ ရွာအတွက် အိမ်ထောင်စုဦးရေ ၂၂၃၄၀ စု တိုးလာနိုင်သဖြင့် Electrification Rate ၅၉.၉၈ % သို့လည်းကောင်း အသီးသီး တိုးတက်လာမည်ဖြစ်ပြီး စုစုပေါင်း ကျေးရွာ ၁၆၃၀ ရွာအတွက် မီးလင်းနိုင်မည့်အိမ်ထောင်စု အရေအတွက်စုစုပေါင်းမှာ ၁၈၃၄၂၈ စုဖြစ်ပါကြောင်း၊ အဆိုပါချေးငွေဖြင့် ဒုတိယအဆင့် မဟာဓာတ်အားလိုင်းမှ ၅ မိုင်အတွင်းကျေးရွာများ ဓာတ်အားရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်ပါ စီမံကိန်းများအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန် တွင် ပြီးစီးအောင် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ၎င်းချေးငွေဖြင့် ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်းကျေးရွာ ၄၀၀၀ ရွာ ဆောင်ရွက်ပြီးစီးပါက စုစုပေါင်း ၉၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၁၀၃၂၄၁၁ စုခန့် လျှပ်စစ် ဓာတ်အားရရှိလာမည်ဖြစ်ပြီး စုစုပေါင်း Electrification Rate ၉.၅ % ခန့် တိုးတက် လာသောကြောင့် တစ်နိုင်ငံလုံး၏ Electrification Rate မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ၅၀ % တိုးတက်လာရန် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး Electrification Rate ၅၅ % အထိ တိုးတက်သွားမည်ဖြစ်ပါကြောင်း၊ ယခုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာမှုများ အသေးစိတ်ဆောင်ရွက်ပြီး လုပ်ငန်းများ အမြန် စတင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ချိန်အတိုင်းပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း စေရေးနှင့် အရည်အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တည်ဆောက်ရေးတင်ဒါ (၆) ခု အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင် နှင့် ကုမ္ပဏီ (၆) ခု၏ တာဝန်ရှိသူများမှလည်းကောင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ တည်ဆောက်ရေးတင်ဒါ (၁) ခုအတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ် ဦးစိုးမင်းထွန်းနှင့် ကုမ္ပဏီ (၁) ခု၏ တာဝန်ရှိသူမှ လည်းကောင်း အသီးသီးလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။