The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ် ၊ မေလ ( ၁၈ ) ရက်

                   

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့ တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

          ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ စက်ရုံမှူးများမှ ဓာတ်အားပေးစက်ရုံများဆိုင်ရာ အချက်အလက် များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လက်ရှိ ရေသိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေ၊ နိုင်ငံတော်ဓာတ်အား စနစ်နှင့်ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မုန်းချောင်းဆည်နှင့်ကြီးအုံကြီးဝဆည်တို့သည် မုန်းချောင်း ပေါ်တွင် တည်ဆောက်ထားခဲ့သော ဆည်များဖြစ်သည့်အပြင် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ပေးဝေလျက်ရှိသော နွေစပါး၊ မိုးစပါးစိုက်ပျိုးရေ ရရှိရေးတို့ကိုပါ တွဲဘက်အကောင်ထည်ဖော် ထားသည့် ဆည်များဖြစ်သည့်အလျှောက် မိမိတို့ ဝန်ကြီးဌာန၏ လျှပ်စစ်မီးရရှိရေးအတွက် ဆည်ရေအားမောင်းနှင်ရသကဲ့သို့ စိုက်ပျိုးရေအား သတ်မှတ်ချိန်များတွင် တောင်သူများ ရရှိရေးဆောင်ရွက်ရမည်ဖြစ်၍ သက်ဆိုင်ရာ ဆည်မြောင်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပြည်သူလူထုထိခိုက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ သတ်မှတ်သည့် အနိမ့်ဆုံး ရေအမှတ်များသို့ ရောက်ရှိခါနီးအချိန်တွင် စက်များ၏မောင်းနှင်မှုကို ထိခိုက်မှုမရှိစေရေး နိုင်ငံတော်ဓာတ်အားစနစ်၏ လိုအပ်ချက်အပေါ် ရုံးချုပ်၏ထိန်းညှိမှုများအရ နည်းပညာလုပ်ငန်းစဉ်များအတိုင်းစနစ်တကျမောင်းနှင်သွားကြရန်၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲ ရေးနှင့် စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် ၊ မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းများသည် တိုင်းပြည်အတွက် လိုအပ်သော လျှပ်စစ်ကိုထုတ်လုပ်နေသည်ဖြစ်သဖြင့် မိမိတို့၏လုပ်ငန်း ကျွမ်းကျင်မှုကိုအခြေခံ၍ စေတနာထားပြီး မိမိတို့၏တာဝန်ယူရသည့် အလျောက် ကျရာတာဝန်ကို ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့်အတွက် စက်ရုံရေရည် တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အား       ထိန်းချုပ်ခန်းနှင့်တာဘိုင်စက်ခန်းများအတွင်းဓာတ်အားပေးစက်များမောင်းနှင်၍ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနေမှုအခြေအနေနှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အဦနှင့် ရေပိုလွှဲတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

          မုန်းချောင်းပေါ်ရှိ မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (၇၅)မဂ္ဂါဝပ် နှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (၇၄) မဂ္ဂါဝပ်တို့ဖြင့် တည်ဆောက် ခဲ့သော်လည်း ရာသီဥတုပြင်းထန်သဖြင့် လက်ရှိကာလတွင် ရေလှောင်တမံများအတွင်း သိုလှောင်ရေလက်ကျန် နည်းပါးလာသည့်အတွက် မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ(၁၆)မဂ္ဂါဝပ်ကိုလည်းကောင်း၊ ကြီးအုံကြီး၀ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ (၁၄)မဂ္ဂါဝပ်ကိုလည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ထုတ်လုပ်ပေးပို့လျက် ရှိပါသည်။

Post under by : ဝန်ကြီးရုံး
19-May-2019