The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မကွေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

       

 ၂၀၁၉ ခုနှစ်၊ မေလ ( ၁၉ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ထောက်ရှာပင် ရေနံမြေသို့ရောက်ရှိရာ ရေနံမြေရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီးအတွင်း ရေနံမြေ များရှိ အထွေထွေမန်နေဂျာများမှ ရေနံမြေဆိုင်ရာအချက်အလက်များနှင့် မိမိတို့ ရေနံမြေများ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ လိုအပ်သည်များ သုံးသပ်ဆွေးနွေးတင်ပြပါသည်။ ၎င်းနောက် ပြည်ထောင်စု ဝန်ကြီးမှ ရေနံမြေအလိုက် ရေနံအထွက်နှုန်း ကျဆင်းနေသည့်တွင်းများအား ပြန်လည် သုံးသပ်ပြီး အထွက်နှုန်းတိုးတက်လာစေရေးအတွက် ခေတ်မီနည်းပညာများအသုံးပြု၍ ဆောင်ရွက် သွားရန်၊ တွင်းဟောင်းထဲသို့ ရေသွင်းသော နည်းစနစ် (Water Injection) များကို စနစ်တကျ ဆောင်ရွက်ကြရန်၊ မြေအောက်ဘူမိ အနေအထားများ တိကျစွာခန့်မှန်းနိုင်ရေးအတွက် ပိုမို ကောင်းမွန်သော ဆိုက်စမစ် တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး၊ ရေနံမြေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်း (CSR) များကို ဒေသမှ တာဝန်ရှိသူများ၊ ဒေသနေပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အကျိုးရှိစွာ အသုံးချရန် ဖြစ်ကြောင်း၊ CSR လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေနံမြေနှင့် ပတ်ဝန်းကျင် ကျေးရွာ များတွင် စိမ်းလန်းစိုပြေရေးနှင့် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများ ထောက်ပံ့ပေးနိုင်ရေးကိုပါ ထည့်သွင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လက်ယက်တွင်းတူးဖော်ခြင်း လုပ်ငန်းများအတွက် ဥပဒေများပြဋ္ဌာန်းပြီးဖြစ်ရာ ဥပဒေဘောင် အတွင်းမှ စနစ်တကျဆောင်ရွက်စေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းစီမံပေးရန် လိုအပ် ပါကြောင်း၊ လက်ယက်တွင်းတူးဖော်ရာတွင် အသုံးပြုရမည့်နည်းစဉ်များကို သတ်မှတ်ပေးခြင်း၊ နယ်မြေဒေသအစုအဖွဲ့များ ဖွဲ့စည်းပေးပြီး အစုအဖွဲ့များမှ ကုမ္ပဏီလုပ်သားများကို တွင်းတူး နည်းစနစ်များကို သင်ကြားပို့ချနိုင်ရေး စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ရန်နှင့် မိမိတို့ဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန မကွေးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး လာမည့် ၂၀၂၀ ခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံ ဒေသတွင် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ VPower Holdings (Singapore) Pte. Ltd. မှ ၁၃၃ မဂ္ဂါဝပ်ရှိသော Gas Engine မှ ၆၇ မဂ္ဂါဝပ်ထုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကို မကွေးပင်မဓာတ်အားခွဲရုံသို့ ကုမ္ပဏီ၏ ကုန်ကျစရိတ်ဖြင့် ပြောင်းရွှေ့ဓာတ်အား ထုတ်နိုင်ရန် တည်ဆောက်မည့်စီမံကိန်းမြေနေရာနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ ၆၇ မဂ္ဂါဝပ်စက်ရုံအား ပြောင်းရွှေ့ဓာတ်အားထုတ်လုပ်ရန် စီမံဆောင်ရွက် ရခြင်းသည် ၂၀၂၀ ခုနှစ် နွေရာသီတွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို အချိန်တိုကာလအတွင်း ပြည့်မီစေရန် စီမံဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအနက် တစ်ခု အပါအဝင်ဖြစ်ပါသည်။

            ဆက်လက်၍ ဓာတ်အားခွဲရုံအစည်းအဝေးခန်းမတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးတို့နှင့်တွေ့ဆုံရာတွင် မကွေး ပင်မဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အား ဖြန့်ဖြူး ပေးထားမှု အခြေအနေတို့အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှှ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် တိုးတက်သုံးစွဲ လာမည့် ဓာတ်အားလိုအပ်ချက်ကို ကြိုတင်တွက်ချက်ထားရန်၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ထားကြရန်လိုကြောင်း၊ တိုင်းဒေသကြီး အတွင်း ကျေးလက်မီးလင်းရေးနှင့် ပတ်သက်၍ မီးသုံးစွဲနိုင်မှုဦးရေ Electrification Ratio မှာ ၂၉.၃၇ ရာခိုင်နှုန်းရှိနေပြီဖြစ်၍ ၂၀၁၉ ခုနှစ် နှစ်ကုန်တွင်  မီးသုံးစွဲနိုင်မှုဦးရေ Electrification Ratio အား ၃၇.၉၇  ရာခိုင်နှုန်း အထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအပေါ် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် ဝတ်စုံများဝတ်ဆင်၍ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စနစ်တကျ စီမံဆောင်ရွက်သွားကြရန်၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အနီးကပ် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်အတွက် ပြည်သူလူထုအား လေးလေးစားစားဆက်ဆံရန်၊ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်၊ ပြည်သူလူထုမှ မိမိတို့ဌာနသို့ လစဉ် လျှပ်စစ်ဓာတ်အားအသုံးပြုခများ လာရောက်ပေးဆောင်လျက် ရှိသည့် အတွက် အရိပ်ရနားနေဆောင်များနှင့်် ယာဉ်ရပ်နားရာနေရာများအား စနစ်တကျ စီစဉ် ထားရှိပေးရန်၊ ရုံးဌာနအဆောက်အဦးအဝန်းအဝိုင်းနှင့် ပတ်ဝန်းကျင်တွင် ယခုနှစ်မိုးရာသီအမီ အရိပ်ရ လေကာပင်နှင့် သီးပင်စားပင်များအား စနစ်တကျ စိုက်ပျိုးထားရှိရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား အရည်အသွေးပြည့်မီသည့်ပစ္စည်းများဖြင့် တပ်ဆင် အသုံးပြု သွားရန် ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး ဓာတ်အား ပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
20-May-2019