၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၂၈ ) ရက်
စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၁) ရက်နေ့အထိ ကျင်းပမည့် (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင် ရက်သတ္တပတ်သို့တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
အဆိုပါ (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်တွင် Singapore Energy Summit, Singapore International Energy Agency Forum, SIEW Energy Insights, Asia Clean Energy Summit, Asia Downstream Summit, Gas Asia Summit Conference & Exhibition စသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ဒေသတွင်း စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ စာတမ်းဖတ်ကြားသူများ၊ အပြည်ပြည် ဆိုင်ရာ စွမ်းအင်အဖွဲ့အစည်းများ တက်ရောက်ကြမည်ဖြစ်ကာ အာရှနှင့် ကမ္ဘာ့စွမ်းအင်ရေးရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး ကြမည်ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကျင်းပမည့် Singapore Energy Summit ၏ Panel Discussion: Electrification – Powering Growth တွင် Speaker အဖြစ်ပါဝင်ဆွေးနွေး၍ သက်ဆိုင်ရာ ဆက်စပ် အစည်းအဝေးများကို တက်ရောက်မည်ဖြစ်ပါသည်။