၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၁၀ ) ရက်
၂၀၂၀ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ၊ သီလဝါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် များသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လှော်ကား သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေးစက်ရုံ ဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု အခြေအနေများ၊ ဓာတ်အား ပေးစက်များ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နိုင်ငံတော်ဓာတ်အား စနစ်နှင့် ချိတ်ဆက် ၍ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများ၊ ဓာတ်အားပေးစက်များအား Golden Green Energy Co.,Ltd.မှ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် JICA ချေးငွေဖြင့် ဆောင်ရွက်နေသည့် ဓာတ်အားခွဲရုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို တာဝန်ရှိသူ အသီးသီးတို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြမှု များအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်ရေး ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများကို လည်း ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန် ၊ ဓာတ်အားစနစ်တည်ငြိမ်ရေးအတွက် ခွဲရုံ ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးလုပ်ငန်းများကို ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ဓာတ်အားပေး စက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ နှင့် ဓာတ်အားခွဲရုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများ အရည် အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်ကြီးများမောင်းနှင် နေမှု အခြေအနေများကို လည်းကောင်း ၊ GIS E-house နှင့် 33 kV Switchyard ကို Gas Insulated Switchgear(GIS) ဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ၅၀ မဂ္ဂါဝပ် MCP ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေများကို လည်းကောင်း၊ ဓာတ်အားခွဲရုံအတွင်း ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေများ ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်းရှိ ရွာမ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှု အခြေအနေများ၊ ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် JICA ချေးငွေဖြင့် ဆောင်ရွက်နေသည့် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို တာဝန်ရှိသူ အသီးသီးတို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးမှ မကြာမီ နွေရာသီကာလသို့ ရောက်ရှိလာမည်ဖြစ်၍ လက်ရှိမောင်းနှင် လည်ပတ်နေသည့် ဓာတ်အားပေးစက်များကို ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဂရုပြု အလေးထား ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း သတ်မှတ်ချိန် ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်ကြီးများမှ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှု အခြေအနေ များကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် အလုံ ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံအသစ် တည်ဆောက်နေမှု အခြေအနေများ၊ လက်ရှိ မောင်းနှင်လည်ပတ်နေသည့် ဓာတ်အားပေးစက် အခြေအနေများနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများတို့ကို CEEC Co.,Ltd. မှ နိုင်ငံခြားသားပညာရှင်များနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ၁၅၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်ပစ္စည်းများ၊ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ခြင်းလုပ်ငန်းများ၊ စက်တပ်ဆင်မှု လုပ်ငန်းများကို လာမည့် နွေရာသီအမီပြီးစီးရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်၊ စီမံကိန်းပစ္စည်းများ ရောက်ရှိလာပါက ဆိပ်ကမ်းမှ အချိန်မီ ရွေးယူနိုင်ရေး ကိစ္စရပ်များကိုလည်း ဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရန်၊ ဓာတ်အားပေးစက် များ၏ ကြံ့ခိုင်ရေးလုပ်ငန်းများအား ပုံမှန်ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန် ၊ ဓာတ်အားစနစ် တည်ငြိမ် ကောင်းမွန်ရေးတို့အား အလေးထားဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ပြီး ၁၅၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်နေသည့် မြေနေရာတွင် Pile ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားကို ဆောလျင်စွာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များမောင်းနှင်နေမှု အခြေအနေ၊ ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ JICA ချေးငွေဖြင့် ဆောင်ရွက်မည့် ၂၅ မဂ္ဂါဝပ် (Combine Cycle Power Plant) တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက် ဝင်ရောက်မည့် အခြေအနေ တို့ကို တာဝန်ရှိသူအသီးသီးတို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်ဓာတ်အား ထုတ်ပေးနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများအား ဂရုပြုဆောင်ရွက်သွားရန်၊ ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် စီမံကိန်းလုပ်ငန်း များအား ဆောလျင်စွာပြီးစီး၍ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များ တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက်မည့် အခြေအနေ တို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်အတွင်းရှိ သာကေတ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် (၄၀၀)မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ အဆိုပါ မြေနေရာပေါ်တွင် ဓာတ်အားပေးစက်ရုံ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြ ပါသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်း များအား သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ၊ အရည်အသွေး စံချိန်းစံညွှန်းပြည့်မီရေးတို့အား အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် JICA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် 66kV GIS ဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် (၄၀၀) မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေ၊ JICA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် 66kV GIS ဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေနှင့် ဓာတ်အားပေး စက်(၃)လုံး အကြီးစားပြုပြင်ဆောင်ရွက်နေမှု အခြေအနေတို့အား Merubeni Corporationနှင့် Mitsubishi Corporation တို့မှ နိုင်ငံခြားသားပညာရှင်များ၊ တာဝန် ရှိသူများက အသီးသီး ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးမှ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန်ကာလ အတွင်းပြီးစီးရေး ၊ စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်အားပေးစက်(၃)လုံးအနက်မှ ဓာတ်အားပေးစက် (၁)လုံးအား လာမည့် နွေရာသီကာလ အမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်များသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးမှ လာမည့် နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်း ပေးနိုင်ရေးအတွက် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်း အသစ်(၇)ခုအား အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိဓာတ်အားပေး စက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ စီမံကိန်းများ ပြီးစီးရန် လျာထားသတ်မှတ်ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန် တိုက်တွန်းလို ပါကြောင်း တို့အား မှာကြားခဲ့ပါသည်။