The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းများ ထပ်ဆင့်ဆောင်ရွက်ခွင့်ပြုထားသည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းများ ထပ်ဆင့်ဆောင်ရွက်ခွင့်ပြုထားသည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 

 နေပြည်တော်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (     ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း လုပ်ငန်းများအား ထပ်ဆင့်ဆောင်ရွက်ခွင့်ပြုထားသည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့် ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကား ပြောကြားရာတွင် နှစ်ပေါင်း ၆၀ ကျော် လျှပ်စစ်ဓာတ်အားလိုအပ်မှုအခက်အခဲများကို ဖြေရှင်း ဆောင်ရွက်နေရကြောင်း၊ ပြည်သူလူထု မျှော်လင့်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေး Supply Chain အတွက် ယနေ့ကြွရောက်လာသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအားလုံး အရေးပါကြောင်း၊ အားလုံးပူးပေါင်း၍ ပြည်သူလူထု၏ဆန္ဒအား ပြည့်ဝစွာ ဖြည့်ဆည်းဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အမြင့်ဆုံး ၃၂၀၀ မဂ္ဂါဝပ်ရှိပြီး ပျမ်းမျှပုံမှန်သုံးစွဲမှုမှာ ၁၅၀၀ မဂ္ဂါဝပ် သုံးစွဲလျက်ရှိကြောင်း၊ Technical နှင့် Non- Technical Losses အနေဖြင့် ၁၇ % ရှိ​ကြောင်း၊ အဆိုပါ Losses များကို လျော့နည်းကျဆင်းအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုအတွက် အရည်အသွေးပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ်ဖြန့်ဖြူးခြင်းမျိုးဖြစ်ရန် လိုကြောင်း၊ Supply Side အနေဖြင့် Demand Forecast အရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်ပါကြောင်း၊ လက်ရှိ ထုတ်လုပ်နိုင်မှုအရ ၃၀၀၀ မဂ္ဂါဝပ်လောက်သာရှိသဖြင့် နောက်ထပ် ၃၀၀၀ မဂ္ဂါဝပ်ခန့် လိုအပ်ပါကြောင်း၊ ပြည်တွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာလည်း ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ကျဆင်းလာမှုများရှိလာသဖြင့် ၎င်းတို့ကို ပြန်လည်ဖြည့်ဆည်းရန် LNG တင်သွင်း၍ သင့်တင်သောစျေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးရန်လိုအပ်သဖြင့် နိုင်ငံတော်အစိုးရ သို့ တင်ပြခဲ့၍ လမ်းညွှန်ချက်အရ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ၃ နှစ်အတွင်း နောက်ထပ် ၃၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် လုပ်ငန်း ဆောင်ရွက်ခွင့် Notice to Proceed ကို ၃၀-၁-၂၀၁၈ ရက်နေ့တွင် LNG မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ ၄ ခုနှင့် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ Transmission System ကိုလည်း မေ့ထား၍မရပါကြောင်း၊ Transmission System အနေဖြင့် နောင်ဖြစ်လာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ယူနိုင်ရန်အတွက် အရှေ့၊ အနောက်၊ တောင်၊ မြောက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း ကွန်ယက်များတိုးချဲ့၍ နိုင်ငံအဝှမ်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသွားရန်  ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ National Grid System ပိုင်းကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးမှု များစွာတိုးမြှင့်လာမည်ဖြစ်ကြောင်း၊ ကြီးမားသောရင်းနှီး မြှုပ်နှံမှုဖြစ်သည့်အတွက် လုပ်ငန်းများ အစ၊ အလယ်၊ အဆုံး ဆောင်ရွက်နိုင်မည့် Reliable Company၊ Technical Company များဖြစ်၍ ရွေးချယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာရေးအတွက် ယုံကြည် စိတ်ချရသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းနှင့်အတူ တိုင်းပြည်၏ လူမှု၊ စီးပွားကဏ္ဍတွင် တိုးမြှင့်လာမည် ဖြစ်ကြောင်း၊ Quality ၊ Reliability ၊ Safety ဖြစ်ပြီး လုံလောက်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ဖြန့်ဖြူးရေး ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ Quality နှင့် Service ကောင်းသော Electricity for All အား ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက၊ အစိုးရအားလုံးမှ လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများမှ လျှပ်စစ်ကို တတ်နိုင်သမျှ ဝန်ဆောင်မှုကောင်းစွာ ဖြန့်ဖြူးပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနမှလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု မျှော်မှန်းသည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝဖူလုံစွာ ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်း၍  ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ထို့နောက် လုပ်ငန်းဆောင်ရွက်နေသော Franchise ကုမ္ပဏီ (၂၇) မှ ၎င်းတို့မှ ဆောင်ရွက်နေသော မြို့နယ် (၅၈) မြို့နယ်၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း၊ လက်လီရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်တို့မှ သုံးသပ်တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
08-Feb-2018