ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်မဟာ ဓာတ်အားလိုင်း
(၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၊ (၂၃၀/၆၆/၁၁) ကေဗွီ၊ (၁၀၀)အမ်ဗွီအေ
ကျိုက်လတ် ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှုအခြေအနေ နှင့်
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ Data Center အား ကြည့်ရှုစစ်ဆေးသည့် သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၅) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း(၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၏ တွံတေးမြို့နယ် အပိုင်း တာဝါတိုင်အမှတ်( ၇၂ )သို့ ရောက်ရှိပြီး စီမံကိန်းစခန်းအတွင်း ခင်းကျင်းပြသထားသော တည်ဆောက် ရေးလုပ်ငန်းခွင်သုံး စက်ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက စက်ပစ္စည်းအသုံးပြုမှုအခြေအနေများအား လက်တွေ့သရုပ်ပြ၍ ရှင်းလင်းတင်ပြကြပါ သည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝါတိုင် အမှတ်(၇၂)တွင် ကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ် ဆေးခဲ့ပါသည်။
ထို့နောက် စီမံကိန်းယာယီရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းမှ တာဝန်ရှိသူများက Foundation နှင့် တိုင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဓာတ်အား လိုင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်စဉ်အတွင်း ပျက်စီးသွားသော သီးပင်၊ စားပင်များ အတွက် လျော်ကြေးငွေ ပေးအပ်မည့်အခြေအနေများနှင့် (၂၃၀/၆၆/၁၁) ကေဗွီ (၁၀၀)အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်မှ ဖြည့်စွက်ရှင်းလင်းတင်ပြမှုတို့အပေါ် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ဓာတ်အားလိုင်းဖြတ်သန်းရာ တစ်လျှောက်ရှိကျေးရွာ များ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရန်၊ လျော်ကြေးငွေများအား စနစ်တကျစိစစ်တွက်ချက်၍ ပေးအပ်သွားရန်၊ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်အချိန်ကာလအတွင်း ပြီးစီး နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်မဟာဓာတ်အားလိုင်း (၅၂.၂၆)မိုင်နှင့် (၂၃၀/၆၆/ ၁၁) ကေဗွီ၊ ( ၁၀၀ )အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများပြီး စီးပါက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖျာပုံခရိုင်၊ ဘိုကလေးခရိုင်၊ မအူပင်ခရိုင်အတွင်းရှိ မြို့/ရွာများ၊ ဒေးဒရဲမြို့၊ ကျိုက်လတ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား လျှပ်စစ်ဓာတ် အားပြည့်ဝစွာဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲသို့ ရောက်ရှိပြီး Data Center အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များ သိမ်းဆည်းထားသည့် Data တိပ်ခွေများ၊ Data မှတ်တမ်းစာအုပ်များ သိမ်းဆည်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည် များမေးမြန်း၍ Data Center အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများမှ အောက်မြန်မာပြည်ရုံးခွဲ၏ လုပ်ငန်းဆောင်ရွက် မှု အခြေအနေများနှင့် ရုံးအဆောက်အအုံများ ဖွဲ့စည်းနေရာချထားမှုအခြေအနေတို့အား ရှင်းလင်း တင်ပြကြရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ Data Center ဖြစ်သည်နှင့်အညီ အရေးကြီးသည့် အချက်အလက်များအား ထိန်းသိမ်းစောင့်ရှောက်သွားရာတွင် စနစ်တကျရှိစေရေး၊ မီးဘေး အန္တရာယ်ကင်းရှင်းရေး၊ Data အချက်အလက်များသည် မိမိတို့ဌာန၏ အရေးကြီးသည့် အချက် အလက်များဖြစ်သည့်အတွက် ပျောက်ဆုံးမှုမရှိစေရေး နှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်သွား ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။