၂၀၁၈ ခုနှစ် ၊ ဩဂုတ်လ (၁၈) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးကြည်မိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးကြည်မိုးနိုင်နှင့် အဖွဲ့ဝင်များသည် သောက်ရေခပ် (၂) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံမှတဆင့် ချိတ်ဆက် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ဓာတ်အားပေးစက်များ ပုံမှန် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အားလည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရေပိုလွှဲ၏ ရေထုစီးနှုန်း အခြေအနေ၊ ရေယူအဆောက်အအုံ၊ လအလိုက် နှစ်အလိုက် မိုးရွာသွန်းမှုအခြေအနေနှင့် ဆည်တမံများကြံ့ခိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းတိုင်းတာ ဆောင်ရွက်နေမှုနှင့် ဘေးအန္တရာယ် ကြိုတင်သိရှိကာကွယ်နိုင်ရေးအတွက် ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြု၍ စဉ်ဆက် မပြတ် စောင့်ကြည့်တိုင်းတာနေမှု အခြေအနေတို့အား အသီးသီး ရှင်းလင်းတင်ပြမှုအပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများမှ ရှင်းလင်း ဖြေကြားကြ၍ ဒုတိယဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများအား စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပြီး တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပင်မတမံပေါ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေယူ အဆောက်အအုံ၊ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပါသည်။
အဆိုပါ သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အနီး သောက်ရေခပ်ချောင်းပေါ်တွင်တည်ရှိပြီး ရွှေစွမ်းအင်ကုမ္ပဏီလီမီတက်မှ Build, Operate and Transfer (B.O.T) စနစ်ကိုအခြေခံ၍ ပထမဆုံး အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ပါဝင်သော စက်ရုံ(၁)ရုံဖြစ်ပါသည်။ ထွက်ရှိလာသော ဓာတ်အားများကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ စတင်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။ ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ နှစ်စဉ် ထုတ်လုပ်နိုင်မှုမှာ ယူနစ် သန်းပေါင်း ၆၀၄ ဖြစ်ကြောင်း သိရှိရပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ ကေဗွီ တောင်ငူပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ထရန်စဖော်မာများ တပ်ဆင် ထားမှုအခြေအနေနှင့် ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ် ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် Switchyard အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန လက်အောက်ရှိ ဓာတ်အားစနစ်ဗဟိုကွပ်ကဲရေးဌာန (နေပြည်တော်) သို့ ရောက်ရှိရာ ဒုတိယဝန်ကြီးက ဓာတ်အားစနစ် ဗဟိုကွပ်ကဲရေးဌာနမှတဆင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားများကို ထိန်းချုပ်ဖြန့်ဖြူးထားရှိမှုအခြေအနေ၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားလိုအပ်ချက်နှင့်အညီ အချိန်ကိုက် ဓာတ်အားချိန်ညှိထုတ်လုပ်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးတို့မှ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပါသည်။