The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဘဏ္ဍာရေး/ ငွေစာရင်းပိုင်းဆိုင်ရာဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

၂၀၁၈ခုနှစ်၊ သြဂုတ်လ   ( ၂၄  ) ရက်                   

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဘဏ္ဍာရေး/ ငွေစာရင်းပိုင်းဆိုင်ရာ ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၄ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

            ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် တာဝန်ပေးအပ်သည့် ရည်မှန်းချက်များအပေါ် စိစစ်အကဲဖြတ်ရာတွင် ရလဒ်အခြေပြု (Result Based) ပုံစံနှင့် တိုင်းတာသတ်မှတ်လာကြသည်ကို တွေ့မြင်နေရပါကြောင်း၊ ရလဒ်အခြေပြုပုံစံကို သွားရန်အတွက် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများ ရရှိရေးသည်လည်း မရှိမဖြစ် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းဆိုသည်မှာ အသိပညာ၊ အတတ်ပညာ ပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိသူများကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဘဏ္ဍာရေး/ ငွေစာရင်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇) ကို လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးပြုဆောင်ရွက်နိုင်စေရန်၊ ဦးစီးဌာနနှင့်လုပ်ငန်းဌာနများ၏ စာရင်းထားရှိသည့် စနစ်များကို လေ့လာသိရှိနိုင်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် တင်ပြလာသည့် စီမံကိန်းအဆိုပြုချက်များအပေါ် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ အကဲဖြတ်လေ့လာ ဆန်းစစ်မှုနည်းလမ်းများကို အသုံးပြု၍ မှန်ကန်စွာသုံးသပ်နိုင်စေရန် အရည်အချင်းပြည့်ဝသော ဘဏ္ဍာရေးအရာရှိများ ပေါ်ထွက်လာစေရန်၊ ပြည်သူ့ဘဏ္ဍာငွေအရင်းအမြစ်များကို သုံးစွဲရာတွင် ထိရောက်အကျိုးရှိစွာ သုံးစွဲရမည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကိုသိရှိနားလည်ပြီးပြည်သူ့ဘဏ္ဍာငွေကိုအလေအလွင့်မရှိစီမံခန့်ခွဲတတ်စေရန်ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ယခုသင်တန်းတွင်ဘဏ္ဍာရေးလုပ်ငန်းနှင့်သက်ဆိုင်သည့်လချုပ်၊နှစ်ချုပ်၊စာရင်းရေးဆွဲခြင်းဆိုင်ရာဘာသာရပ်၉ခု၊ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းနှင့်ဥပဒေဆိုင်ရာဘာသာရပ်၃ခု၊ဌာနတွင်းစာရင်းစစ်ဆေးခြင်းဆိုင်ရာဘာသာရပ်၂ခု၊ဘဏ္ဍာရေးနှင့်ဆိုင်သောဆန်းစစ်ချက်များဆိုင်ရာဘာသာရပ်၁ခု၊ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်၂ခု၊ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်၅ခု၊စုစုပေါင်းဘာသာရပ်၂၂ခုသင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း၊ယခုသင်တန်းတွင်ဦးစီးဌာန၊လုပ်ငန်းများအတွက်ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊လစာနှင့်ပင်စင်တွက်ချက်မှုများ၊ဘဏ္ဍာရေးဆိုင်ရာဆန်းစစ်ချက်များပြုလုပ်ရာတွင်အရေးပါသည့်သီအိုရီသဘောတရားများအပြင်လုပ်ငန်းခွင်နှင့်ဆက်စပ်နေသောပညာရပ်များဖြစ်သည့်ဘဏ္ဍာရေး၊စီးပွားရေး၊ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုနည်းလမ်းများကိုသင်ကြားပေးခဲ့ပါကြောင်း၊ထို့အပြင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှဆရာများကလည်းစာရင်းစစ်ချုပ်ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များ၊လုပ်ငန်းစဉ်များ၊စာရင်းစစ်ဆေးပုံ၊အစီရင်ခံစာတင်ပြပုံ၊တွေ့ရှိချက်များအားအရေးယူဆောင်ရွက်ပုံအဆင့်ဆင့်များကိုလည်းပို့ချပေးခဲ့ပါကြောင်း၊နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် International Finance Corporation ကချေးငွေယူသည့်အဖွဲ့အစည်းများအတွက်လိုအပ်ချက်များကိုလည်းကောင်း၊ Bangkok Bank ကဓာတ်အားဝယ်ယူရေးဆိုင်ရာသဘောတူစာချုပ်များနှင့်ပတ်သက်၍သိမှတ်ဖွယ်ရာများ၊အာမခံထားခြင်းနှင့်ဆိုင်သောအချက်များ၊သဘာဝဓာတ်ငွေ့၊ရေအား၊ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာစီမံကိန်းများ၏ဘဏ္ဍာရေးဆိုင်ရာသိမှတ်ဖွယ်ရာများကိုလည်းဆွေးနွေးပို့ချပေးခဲ့ပါကြောင်း၊ပြင်ပအဖွဲ့အစည်းဖြစ်သော Myanmar Project Management Center မှပညာရှင်များကလည်း Project Failure ဖြစ်ရသည့်အကြောင်းအရင်းများ၊ Project Leader တစ်ဦး၏ ဆောင်ရွက်ရန် အချက်များကိုလည်း ဆွေးနွေးပေးခဲ့ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှညွှန်ကြားရေးမှူးများကလည်း ဝန်ကြီးဌာနတွင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအကြောင်းအား အတွေ့အကြုံများကို အခြေခံ၍ ဆွေးနွေးပေးခဲ့ပါကြောင်း၊ Site Visit အဖြစ် ပေါင်းလောင်းရေအားလျှပ်စစ ဓာတ်အားပေးစက်ရုံ၊ သပြေဝပင်မဓာတ်အားခွဲရုံ၊ ကံကောင်း ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းနှင့် ရဲရွာဓာတ်အားပေးစက်ရုံတို့ကိုလည်း ကွင်းဆင်းလေ့လာစေခဲ့ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံး၍ မိမိတို့၏ လုပ်ငန်းခွင်အသီးသီးသို့ ပြန်ရောက်သည့်အခါ သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချပြီးဆက်လက်လေ့လာသင့်သည့် ပညာရပ်များကိုလည်း ကြိုးစားလေ့လာသွားကြရန် အလေးအနက်မှာကြားလိုပါကြောင်း၊ သင်တန်းကပို့ချသင်ကြားပေးလိုက်သည့် ပညာရပ်များသည် လက်ရှိရာထူးအဆင့်အတွက်သာမဟုတ်ဘဲ ဝန်ထမ်းဘဝတလျှောက်ကြီးမားသည့် ရာထူးတာဝန်များ တိုးမြှင့်ထမ်းဆောင်ရမည့် အချိန်တွင်လည်း အသုံးဝင်မည့်ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားရသည့် သီလသမာဓိပညာနှင့် ပြည့်စုံသောဝန်ထမ်းများဖြစ်ရန် ဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ပါသည်။

              ထို့နောက် ထူးချွန်သင်တန်းသား ၃ ဦးမှ သင်တန်းကာလတလျှောက်ရရှိခဲ့သည့် အသိသုတများကို အခြေခံထားသည့် Power Point Presentation ဖြင့်ရှင်းလင်းတင်ပြပါသည်။

              ၎င်းနောက် ဒုတိယဝန်ကြီးမှ ထူးချွန်သင်တန်းသားများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်မှ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
24-Aug-2018