မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လျော့ချနိုင် ရေးနှင့် ရေနံဓာတ်ငွေ့ရည်ကို နိုင်ငံတကာပေါက်ဈေးနှင့်အညီဈေးနှုန်း သက်သာစွာ သုံးစွဲနိုင်ရေးအတွက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်ထောင်စု ၁၅၀,၀၀၀ အတွက် ပြည်ပမှ ရေနံဓာတ်ငွေ့ရည်များ တင်သွင်း၊ ဖြန့်ဖြူးရောင်းချ ပေးရန်ရည်ရွယ်၍ အမှတ်(၁)ရေနံချက် စက်ရုံ (သန်လျင်)ဝန်းအတွင်းရှိ ရေနံဓာတ်ငွေ့ရည် အတင်/အချဆိပ်ကမ်းနှင့်သိုလှောင်ကန်စခန်း (LPG Terminal)ကို ပြည်တွင်းကုမ္ပဏီများသို့ ကာလတို(၁)နှစ် ငှားရမ်းခြင်းအတွက် တင်ဒါခေါ်ယူခဲ့ပါသည်။ အဆိုပါ LPG Terminal ငှားရမ်းခြင်းတင်ဒါအတွက် ပြည်တွင်းကုမ္ပဏီ(၉)ခုမှ အဆိုပြု လွှာတင်သွင်း ခဲ့ပြီး အဆိုပါကုမ္ပဏီ များအနက်ဈေးနှုန်းအမြင့်ဆုံးအဆိုပြုသည့် Parami Energy Services Co., Ltd မှ ငှားရမ်းခွင့်ရရှိခဲ့ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ စင်္ကာပူနိုင်ငံ AVA Kahyasis Investments Pte., Ltd. ၊ မြန်မာနိုင်ငံ Same Sky Construction Company Ltd. နှင့် Guiding Star Group Ltd. တို့သည် Asia AVA Gas Company Limited ကို ဖွဲ့စည်းတည်ထောင်၍ ရေနံဓာတ်ငွေ့ ရည်တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းဖက်စပ်လုပ်ငန်းဆောင်ရွက် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာအနီး ကုမ္ပဏီပိုင်မြေ ၃၁.၇၈ ဧက ပေါ်တွင် ရေနံဓာတ်ငွေ့ရည် သိုလှောင်စခန်းနှင့် တင်/ချ ဆိပ်ကမ်းအား စုစုပေါင်းမတည် ရင်းနှီးငွေပမာဏ အမေရိကန်ဒေါ်လာ ၆၀ သန်း ရင်းနှီးမြှုပ်နှံ၍ အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ် ပါသည်။ အဆိုပါစီမံကိန်းတွင် ပြည်ပမှ ရေနံဓာတ်ငွေ့ရည် တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းအတွက် Jetty၊ Storage Tanks၊ loading & Unloading facilities နှင့် Bottling plant တို့ကို တည်ဆောက်တပ်ဆင်သွားမည်ဖြစ်ပါသည်။ စီမံကိန်း ကာလမှာ နှစ် ၅၀ ဖြစ်ပါသည်။
အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရရှိမည့်ရေနံစိမ်းအားအသုံးပြု၍ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ ~ ၅ သန်း ချက်လုပ်နိုင်မည့်ရေနံချက်စက်ရုံအသစ်အား ရေနံဓာတုစက်ရုံစု (သံပရာကန်) အနီးတွင် တည်ဆောက်မည်ဖြစ်ပါသည်။ ရေနံချက်စက်ရုံအသစ်စီမံကိန်း၏ EIA/ SIA လုပ်ငန်းများ အား Myanma Survey Research မှ ဆောင်ရွက်ပြီးစီးခဲ့ပြီး EIA/SIA လုပ်ငန်းများ၏ Final Report (Draft) အား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ စိစစ်ပြီးဖြစ်၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးရာဝန်ကြီးဌာနမှ စိစစ်သုံးသပ်နိုင်ရေးအတွက် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ၎င်းဝန်ကြီး ဌာနမှ ပတ်ဝန်ကျင်ထိန်းသိမ်းရေးလိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်ရရှိပါက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒနှင့်အညီ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။