The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းဒေသ လျှပ်စစ်မီးလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (   ၁၄  )ရက်

        မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းဒေသ လျှပ်စစ်မီးလင်းခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဒေသ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်နိုင်ငံ Japan International Cooperation Agency (JICA) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr.Kojun NAKASHIMAနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

          အစီအစဉ်အရ တကောင်းဒေသ လျှပ်စစ်မီးလင်းခြင်း အခမ်းအနားအထိမ်းအမှတ် ဖဲကြိုးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေး တိုင်းဒေသကြီးလွှတ်တော် စက်မှု၊စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌ ဦးတိုးအောင်၊ သပိတ်ကျင်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဆွေ နှင့် Japan International Cooperation Agency (JICA) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr.Kojun NAKASHIMA တို့မှ ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြပါသည်။

          ထို့နောက် ၃၃/၁၁/၅ အမ်ဗွီအေ တကောင်းဓာတ်အားခွဲရုံ အထိမ်းအမှတ်ဆိုင်းဘုတ်အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေးတို့မှ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ၎င်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့သမိုင်းအစဖြစ်သော တကောင်းဒေသတွင် နိုင်ငံတော်ဓာတ်အားစနစ် လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းမရှိဘဲ နေလာခဲ့ ရသည့် တကောင်းဒေသ၏ သမိုင်းသည် ယနေ့တွင် လုံးဝပြောင်းလဲသွားပြီဖြစ်ပါကြောင်း၊ ယခင်က တကောင်းမြို့ပေါ်ရှိ ပြည်သူအနည်းငယ်မျှကိုသာ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် တစ်ရက်လျှင် (၂) နာရီ၊ (၃) နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ အချိန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို တကောင်းမြို့ပေါ်ရှိ ပြည်သူ များသာမက သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများပါ (၂၄) နာရီ လျှပ်စစ် ဓာတ်အား သုံးစွဲနိုင်ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် ဓာတ်အားသုံးစွဲမှုကို ကူညီပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် နိုင်ငံတော်ဓာတ်အားစနစ်၌ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၃၄၈၃) မဂ္ဂါဝပ်ရှိပြီး လိုအပ်ချက်ကို ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုများမှာ ၁၅% မှ ၁၉ % ခန့်ရှိသည့်အတွက် နှစ်အလိုက် ခန့်မှန်းဓာတ်အားလိုအပ်ချက်များမှာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် (၄၅၃၁) မဂ္ဂါဝပ်ခန့် တိုးတက် သုံးစွဲလာမည်ဖြစ်သဖြင့် ထပ်မံတိုးတက်ထုတ်လုပ်ပေးနိုင်ရေး အဆိုပါ ဓာတ်အားထုတ်လုပ် ပေးမည့်စက်ရုံများအပြင် ၂၀၂၁ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာမည်ဖြစ်သဖြင့် အချိန်တိုအတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် LNG ဓာတ်ငွေ့ရည်သုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား တိုးတက် ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝ ဓာတ်ငွေ့ လိုအပ်ချက်အပေါ် ဖြည့်ဆည်းမှုအနေဖြင့် ရတနာစီမံကိန်း၏ Plateau Period သည် ၂၀၂၁ ခုနှစ်တွင် ပြီးဆုံးပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တဖြည်းဖြည်း လျော့နည်း ကျဆင်းလာမည် ဖြစ်သည့်အတွက် ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကုန်းတွင်းပိုင်းလုပ်ကွက်များတွင် ရေနံရှာဖွေရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းလွန်လုပ်ကွက်များနှင့် ကုန်းတွင်းပိုင်း လုပ်ကွက်များအား တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ရေနံကုမ္ပဏီများအား Bidding Round ခေါ်၍ တွင်းသစ်များ တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများအနက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လုပ်ကွက်အမှတ် A-6 မှာလည်း အလားအလာကောင်းများ ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာမည့်ဓာတ်အားများကို သယ်ယူ ပို့လွှတ်နိုင်ရေးအတွက် ၅၀၀ ကေဗွီဓာတ်အားလိုင်းများဖြစ်သော အရှေ့၊ အနောက်၊ တောင်၊ မြောက် ဓာတ်အားလိုင်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း တည်ဆောက် ဖြန့်ဖြူးသွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀.၈၉) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ အိမ်ထောင်စုပေါင်း (၄.၅၅) သန်း (၄၁.၈၂) % ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိပြီး (၆.၃၃) သန်း (၅၁.၁၈) % ခန့် လျှပ်စစ်မီးရရှိရန် လိုအပ်သေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားချေးငွေအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာရန်ပုံငွေများဖြင့် လျှပ်စစ် ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် အိမ်ထောင်စုအားလုံး၏ ၅၅ % ခန့်အား ဓာတ်အားစနစ် မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပချေးငွေများ ဖြစ်သည့် ADB ၊ JICA ၊ KFW ၊ World Bank တို့မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများကိုရယူ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် NEP ကို ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ရေးဆွဲခဲ့ပြီးဖြစ်၍ စီမံချက်၏ ကနဦးအနေဖြင့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) ကို ရယူကာ NEP ပထမ အဆင့်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မဟာဓာတ်အားလိုင်းမှ ၂ မိုင် အတွင်းရှိ ကျေးရွာ (၅၀၈၀) ရွာအတွက် ဖြန့်ဖြူးနိုင်ရေး ဦးစွာ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ပြီးစီးမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း (၅၀၈၀) ရွာရှိ အိမ်ထောင်စုပေါင်း (၆၂၆,၇၅၇) ခန့် ဓာတ်အားစနစ်မှ ဓာတ်အားရရှိနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် မဟာဓာတ်အားလိုင်းမှ ၅ မိုင်အတွင်းရှိ ကျေးရွာများ ဓာတ်အား ရရှိရေး စာရင်းတွက်ချက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပစ္စည်းများ တင်ဒါခေါ်ဆိုသွားနိုင်မည်ဖြစ်ပါကြောင်း၊ ဒုတိယ အဆင့်ပါ စီမံကိန်းများ ကိုလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေဖြင့် ပထမအဆင့် ၂ မိုင်အတွင်းရှိ ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်းရှိ ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ စုစုပေါင်း (၈၅၃၇) ရွာရှိ အိမ်ထောင်စုပေါင်း (၁,၀၃၂,၄၁၁) ခန့် လျှပ်စစ်ဓာတ်အားရရှိ လာမည်ဖြစ်ပြီး စုစုပေါင်း Electrification Rate (၉.၅) % ခန့် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ ၁၅ % ခန့်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လမှ ယနေ့အထိ ဓာတ်အားတိုးတက်သုံးစွဲခဲ့မှုအရ ကျေးရွာ (၅၆၈) ရွာ၊ အိမ်ထောင်စု (၁၃၀၂၉၀) စုတို့အား ဓာတ်အားတိုးတက် ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု (၁.၃) သန်း ရှိသည့် အနက် အိမ်ထောင်စု (၀.၇၁) သန်း၊ ရာခိုင်နှုန်းအနေဖြင့် (၅၃.၉) % ဓာတ်အားရရှိ သုံးစွဲလျက် ရှိပါကြောင်း၊ တကောင်းဒေသတွင် ၃၃/၁၁/၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီးမှုကြောင့် ကျေးရွာ (၁၈) ရွာနှင့် အိမ်ထောင်စု (၄၆၃၈) စုခန့် ဓာတ်အားရရှိနိုင်မည် ဖြစ်ပါကြောင်း၊  တကောင်းဒေသတွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမှုကြောင့် ဒေသတွင်းရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုမည့် ဒေသထွက်ပစ္စည်းများကို အခြေခံသော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း များလည်း ထူထောင်နိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားကဏ္ဍများတွင်လည်း များစွာ အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးမှ တကောင်းဒေသ လျှပ်စစ်မီးလင်းခြင်းအခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ Japan International Cooperation Agency (JICA) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr.Kojun NAKASHIMA ၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးတိုးအောင်နှင့် သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဆွေ တို့မှ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။      

 

Post under by : ဝန်ကြီးရုံး
14-Oct-2018