The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

Myanmar National Energy Statistics ထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ မတ်လ  (  ၁၁  )  ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ပူးပေါင်း၍ မြန်မာနိုင်ငံစွမ်းအင်စာရင်းအင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၄ နှစ်စီမံကိန်း (၂၀၁၆-၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀) အစီအစဉ်အရ Myanmar National Energy Statistics ထုတ်ပြန်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်၊ Park Royal Hotel  ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဖိတ်ကြားထားသော ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ERIA မှ President ဖြစ်သူ Professor Hidetoshi Nishimura နှင့် အဖွဲ့ဝင်များ  တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော်ရန် သုံးသပ်နိုင်ရေးအတွက် အချိန်ကာလ အပိုင်းအခြားအရ တိကျခိုင်မာသည့် စာရင်းဇယားများအပေါ် များစွာတည်မှီနေပါကြောင်း၊ ပြည်စုံသည့်သတင်းအချက်အလက်များသည် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေး အတွက် အသက်သွေးကြောသဖွယ် အထူးအရေးကြီးကြောင်း၊ သတ်မှတ်အချိန်ကာလ အတွင်း ပြည်စုံမှန်ကန်သောအချက်အလက်များ မရရှိပါက စီမံချက်များ၊ စီမံကိန်းများ အချိန်မီအကောင်အထည်ဖော်ရန် မဖြစ်နိုင်သည့်အပြင် မိမိတို့ လက်ရှိအနေအထားကိုပင် သုံးသပ်ရန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ပွင့်လင်းမြင်သာစွာ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် အညီ စာရင်းဇယားအချက်အလက်များအား ပြုစုနိုင်မှ နိုင်ငံအစိုးရလုပ်ငန်းယန္တရားများ အောင်မြင်စွာလည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ၏ရည်မှန်းချက် သည် သင့်တင့်လျောက်ပတ်သော အခြေခံစွမ်းအင်အမျိုးအစားများအား ရှာဖွေဖော်ထုတ် အသုံးပြု၍ နိုင်ငံထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဖြစ် ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်ပြီး ပြည့်ဝတည်ငြိမ်သည့် လျှပ်စစ် စွမ်းအား ပံ့ပိုးနိုင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်မူဝါဒနှင့် စီမံချက်များ ချမှတ်နိုင်ရေးအတွက် Myanmar National Energy Statics သည် အထူးလိုအပ်ပါကြောင်း၊ သို့ပါ၍ စွမ်းအင် ကဏ္ဍဆိုင်ရာ ဝန်ကြီးဌာနများနှင့် ERIA တို့မှ အနာဂတ် မြန်မာ့စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်းပါဝင်ကူညီပံ့ပိုးပေးပါရန် တိုက်တွန်းပါကြောင်း၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့သော ဂျပန်နိုင်ငံအစိုးရနှင့် ERIA အဖွဲ့ တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ASEAN အဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာရေးဟူသော ၂၀၄၀ ခုနှစ် ရည်မှန်းချက်အရ မိမိတို့ဝန်ကြီးဌာနသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက် ရှိရာတွင် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (Myanmar Sustainable Development Plan - MSDP) နှင့်အညီ အခြေခံ လျှပ်စစ်နှင့်စွမ်းအင် အရင်းအမြစ်များ ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် Energy Mixed Development Plan များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် သတင်းအချက်အလက်များသည် Important Criteria for Decision Making ဖြစ်ပါ ကြောင်း၊ စီမံကိန်းကာလအတွင်း ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏စွမ်းရည် ပိုမိုတိုးတက်ရေး အတွက် နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြင့် ကူညီပံ့ပိုးပေးစေလိုပါကြောင်း ပြောကြားခဲ့ပြီး ERIA မှ President ဖြစ်သူ Professor Hidetoshi Nishimura က အမှာစကား ပြောကြားခဲ့ပါသည်။

          ထို့နောက် အခမ်းအနားအား ဆက်လက်ကျင်းပရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေသန်းမှ မြန်မာနိုင်ငံ၏ စွမ်းအင် ဆိုင်ရာ ကိန်းကဏန်းအချက်အလက်များအပေါ် မိတ်ဆက်ဆွေးနွေးပြီး အာဆီယံစွမ်းအင် ဆိုင်ရာကျွမ်းကျင်သူ Ms. Cecilya Malik မှ စွမ်းအင်ဆိုင်ရာလိုအပ်ချက်အပေါ် လေ့လာ ဆန်းစစ်မှုများအားလည်းကောင်း၊ ERIA ၏ Special Advisor ဖြစ်သူ Mr. Shigeru Kimura မှ မြန်မာနိုင်ငံစွမ်းအင်ဆိုင်ရာ လိုအပ်ချက်နှင့် ဖြည့်ဆည်းမှု (Demand and Supply) ​လေ့လာဆန်းစစ်မှုများအားလည်းကောင်း သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

          National Energy Statistics ပြုစုခြင်း၏ရည်ရွယ်ချက်မှာ လိုအပ်ချက်အားပံ့ပိုး ပေးနိုင်သည့် အခြေခံစွမ်းအင်အရင်းအမြစ်များ၊ ပြောင်းလဲပြုပြင်အသုံးပြုနိုင်သည့် စွမ်းအင် များနှင့် စွမ်းအင်သုံးစွဲမှုပမာဏတို့အပေါ်အခြေခံသော Energy Balance Tables အား ပြုစု၍ Energy Policy အရ စွမ်းအင်ဖူလုံမှုရေးနှင့်ရေရှည်အသုံးပြုနိုင်ရေး၊ လျှပ်စစ် စွမ်းအား ဖွံဖြိုးတိုးတက်ရေးအစီအမံနှင့် လုံခြုံပြည့်ဝသော စွမ်းအင်ဖြည့်ဆည်းပံ့ပိုးနိုင်ရေး စသည်တို့အား သုံးသပ်နိုင်ရန်ရည်ရွယ်၍ပြုစုခြင်းဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
11-Mar-2019