၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ( ၁၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Laatu အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ စီးပွား ရေးရာနှင့် အလုပ်အကိုင်ရေးရာဝန်ကြီးဌာနတို့အကြား စွမ်းအင်နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာအရ စွမ်းရည်ပြည့်ဝသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေး ကဏ္ဍများနှင့် ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် ဖင်လန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ဖင်လန်နိုင်ငံအစိုးရမှ ပူးပေါင်းကူညီပံ့ပိုးသွားမည့် လုပ်ငန်းစဉ်များအပေါ် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရန်၊ အဆိုပါ လုပ်ငန်းစဉ်များအတွက် ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပရေးရာ စီးပွားရေး ဆက်ဆံရေးဌာန၏ ဒုတိယဝန်ကြီး ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်များအဖွဲ့ မြန်မာနိုင်ငံ သို့ လာရောက်မည့် ကိစ္စများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ စွမ်းအင်အရင်းအမြစ်များမှ ရေရှည် တည်တံ့စေမည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။