၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁၉ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း တို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေ ရဲမှူးကြီး၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ ကမ်းလွန်အခြေစိုက်စခန်းနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနတို့မှ အထွေထွေမန်နေဂျာများနှင့် သုတေသန အရာရှိချုပ်တို့ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအပေါ် ပြန်လည် သုံးသပ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးသွားရန်ဖြစ်ကြောင်း၊ ရေနံအထွက်နှုန်းကို တိုးတက်စေရန် Plan များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ 3D ဆိုက်စမစ်တိုင်းတာ ရရှိသော အချက်အလက်များကို အမြန်ဆုံး တွက်ချက် လေ့လာ သုံးသပ်ပြီး တူးဖော်မှုကို စတင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ရှာဖွေရေးအတွက် ဘူမိဗေဒ၊ ဘူမိရူပဆိုင်ရာလေ့လာမှုများကို ပိုမို ဆောင်ရွက်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည် အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်ပေးရန် လိုကြောင်း၊ တွင်းတူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင်လည်း သမားရိုးကျ Vertical Well တူးဖော်ခြင်းမှတဆင့် Directional Well တူးဖော်နိုင်အောင်လည်း လေ့လာကြိုးစားကြရမည်ဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အထွက်တိုးရေးအတွက် Enhanced Oil Recovery (EOR) နည်းပညာအသုံးပြု၍ အကောင် အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ သိုက်များ ထိန်းသိမ်းရေးကို စနစ်တကျ သေချာလုပ်ဆောင်ရန်၊ ပိုက်လိုင်းပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့များဖွဲ့၍ Monitor လုပ်ရမည်ဖြစ်သလို ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပါက လုပ်ဆောင်ရမည့် Standard Operation Procedure (SOP) များ ရေးဆွဲထားရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများ၊ စက်ပစ္စည်းယန္တရားများ အသင့်စုဆောင်း ထားရန်လိုအပ်ကြောင်း၊ ပိုက်လိုင်းချို့ယွင်းချက်ကြောင့် ဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်း ရခြင်းမျိုး မဖြစ်စေလိုကြောင်း၊ နိုင်ငံတော်အတွက် ထိခိုက်နစ်နာသဖြင့် အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကမ်းလွန်လုပ်ကွက် A-6 မှ မကြာမီ သဘာဝဓာတ်ငွေ့များ စတင်တူးဖော်ထုတ်လုပ်မည်ဖြစ်၍ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းများအနေဖြင့် ကုမ္ပဏီမှ နိုင်ငံခြားသားပညာရှင်များနှင့် ပူးပေါင်း၍ စွမ်းဆောင်ရည်မြင့်မားစေရန် ဆောင်ရွက်ထားကြစေလိုကြောင်း၊ သို့မှသာ မိမိတို့မှ စီမံကိန်းများကို တာဝန်ယူဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မည်ဖြစ် ပါကြောင်း၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တင်ဒါ စည်းကမ်းချက်များနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကို အတိအကျ လိုက်နာ ဆောင်ရွက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါလုပ်ငန်းများကို စနစ်တကျ အချိန်မီဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပိုက်လိုင်းစခန်းနှင့် သဘာဝ ဓာတ်ငွေ့စခန်းလုံခြုံရေးတို့ကို စဉ်ဆက်မပြတ် သတိရှိစွာဆောင်ရွက်၍ ရေနံမြေ အားလုံး၏ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် လုံခြုံရေး ကိုလည်း အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ရေနံမြေများတွင် ကုန်ကျစရိတ်များကို အတတ်နိုင်ဆုံး ချွေတာသုံးစွဲ၍ မလိုအပ်သည့် အသုံးစရိတ်များကို တတ်နိုင်သမျှ စိစစ် သုံးစွဲကြရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ရေနံမြေအထွေထွေမန်နေဂျာများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်နိုင်ခဲ့မှုများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ရေနံမြေများအလိုက် လူမှုရေး တာဝန်သိမှု (CSR) ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ စွမ်းအင်ကဏ္ဍအတွက် ပြဌာန်းထား သော ဥပဒေ၊ နည်းဥပဒေများ၏အခြေအနေများကို တာဝန်ရှိသူများက လည်းကောင်း၊ ရေနံမြေများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု အခြေအနေများကို ရေနံမြေရဲမှူးကြီးကလည်းကောင်းရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်တို့က ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သုံးသပ် ဆွေးနွေးတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပြန်လည် ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ရေနံမြေ၊ တွင်းအမှတ် (၁၇၀) ကို အောင်မြင်စွာ တူးဖော်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများ နှင့် ကံပေါက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။