The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဖဲဒိုကျေးရွာနှင့် မှိန်းကနိမ်းကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသော ကံပေါက်-မြိုင်ကလေး ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင် လဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၉ ) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးလှထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ လျက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဖဲဒိုကျေးရွာနှင့် မှိန်းကနိမ်းကျေးရွာတို့တွင် ဆောင်ရွက်လျက် ရှိ သော ကံပေါက်-မြိုင်ကလေး ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်လဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ ၉ ရက်နေ့တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။   

              ရှေးဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  မုဒုံမြို့နယ်၊ ဖဲဒိုကျေးရွာနှင့် မှိန်းကနိမ်း ကျေးရွာ တို့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော  ၂၀ လက်မ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်လဲလှယ်ခြင်း စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက ကံပေါက်-မြိုင်ကလေး ၂၀ လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အဆင့်မြှင့်တင် လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီးက ပိုက်လိုင်းလဲလှယ်ခြင်းလုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်း ထားသော Standard Operating Procedure (SOP) များအတိုင်း လိုက်နာဆောင်ရွက်သွားရေး၊ ပိုက်လိုင်းပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူ လူထုအား ပိုက်လိုင်းနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဟောပြောရန်နှင့် သတိပေးချက်များအား ထင်သာမြင်သာသော နေရာများတွင် ချိတ်ဆွဲပြသထားရန် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင် အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကံပေါက်-မြိုင်ကလေး ၂၀ လက်မ ပိုက်လိုင်းအပိုင်းအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီတို့ပူးပေါင်းကာ ပိုက်လိုင်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများအား နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက် ဆောင်ရွက် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကံပေါက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ဇောတိကကမ်းလွန်စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ကံပေါက်ဒေသမှတစ်ဆင့် မော်လမြိုင်ဒေသ၊ မြိုင်ကလေးဒေသ၊ သထုံဒေသနှင့် ရန်ကုန်ဧရိယာ များသို့ သဘာဝဓာတ်ငွေ့များ ပို့လွှတ်ဖြန့်ဖြူးပေးနေသော ပိုက်လိုင်းဖြစ်ပြီး စုစုပေါင်းပိုက်လိုင်း အရှည်သည် ၃၃၆ မိုင်ခန့်ရှိပါသည်။ အဆိုပါ ပိုက်လိုင်း၏ ကံပေါက်-မြိုင်ကလေးအပိုင်းကို ၂၀၀၀-၂၀၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မြိုင်ကလေး-ရန်ကုန်အပိုင်းကို ၂၀၀၅-၂၀၀၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ ၎င်းပိုက်လိုင်း၏ ကြံ့ခိုင်မှုအားနည်းသော အပိုင်းများအား PE Coated Pipe များဖြင့် အစားထိုးလဲလှယ်ခြင်းကို ၂၀၁၁ ခုနှစ်မှစတင်၍ နှစ်စဉ်ဘတ်ဂျက်လျာထားကာ ပိုက်လိုင်း အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းလဲလှယ်ပြီး ပိုက်လိုင်း အရှည် ၁၈၁ မိုင် လဲလှယ်ဆောင်ရွက်ပြီးစီးခဲ့ပြီး လဲလှယ်ရန်ကျန်ရှိသော ပိုက်လိုင်း လဲလှယ်ခြင်း လုပ်ငန်းများအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Nov-2019