၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၁၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် အီတလီနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mrs. Alessandra SCHIAVO တို့ ဦးဆောင်သော EuroCham Myanmar Energy Advocacy Group အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာကုမ္ပဏီ များနှင့် လက်ရှိ ဆောင်ရွက်နေမှုအခြေအနေနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ရေတို/ရေရှည် အစီအမံများနှင့် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ဆောင်ရွက်နေသည့်အစီအမံများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကော်မတီ (National Renewable Energy Committee - NREC) ၏ လက်ရှိဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ဥရောပသမဂ္ဂနိုင်ငံများမှ ကုမ္ပဏီများ မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် အစီအစဉ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် European Investment Bank များမှ Financial ဆိုင်ရာ Grant နှင့် Loan အထောက်အပံ့ပေးနိုင် မည့်အစီအစဉ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒနှင့် ပတ်သက်သည့်အစီအစဉ်များ၊ အနာဂတ် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍတွင် ပုဂ္ဂလိကမှ တာဝန်ယူဆောင်ရွက်နိုင်ရေးဆိုင်ရာအစီအမံများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ရင်းနှီး မြှုပ်နှံလျက်ရှိသော အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဒေါက်တာ ထွန်းနိုင်နှင့် ဦးခင်မောင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် အီတလီနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။