The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး

ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

        နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၁၇ ) ရက်

 

              သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌဦးနိုင်လင်းမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး Mr. Hong Liang ၊ UREC(Union Resources & Engineering Co.,Ltd.) နှင့် U-Energy Thaketa Power Company (China) မှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် UREC (Union Resources & Engineering Co.,Ltd.) တို့ ပူးပေါင်း၍ ဖက်စပ် ကုမ္ပဏီတည်ထောင်ပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကိုတည်ဆောက် အကောင် အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းတည်ဆောက်ရန်အတွက်  ဖက်စပ် ကုမ္ပဏီသဘောတူစာချုပ် JVA ကို ၂၂-၉-၂၀၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဌာနအနေဖြင့် ယခုစီမံကိန်းမှ Free Share ၃ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ U-Energy ကုမ္ပဏီက နှစ် ၃၀ ကာလလုပ်ကိုင်ခွင့်နှင့် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ် ၃၀ ပြည့်ပြီးနောက် ဓာတ်အားပေးစက်ရုံကို ဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ဓာတ်အားဝယ်ယူရေးစာချုပ် PPA ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းကို ၂၀၁၆ ခုနှစ် မေလမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ စီမံကိန်း လုပ်ငန်း များ ပြီးစီးပြီဖြစ်သောကြောင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ စီးပွားဖြစ် ဓာတ်အားထုတ်လုပ်ခဲ့ပြီး နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားများပို့လွှတ် နေပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် နိုင်ငံတော် အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်လုပ်ဆောင်နေရသည့်ကာလဖြစ်၍လျှပ်စစ်ကဏ္ဍတိုးတက်ရေးသည်အရေးအကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်စေရန်နှင့် ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်စေရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က ပြည်သူများ ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရန် စီမံကိန်း အသစ်များ တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ လူဦးရေ ၅၃ သန်းခန့်ရှိသည့်အနက် လူဦးရေ ၆ သန်းခန့်သည်  ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင် လျက် ရှိပြီး လက်ရှိ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၃၂၀၀ မဂ္ဂါဝပ်ကျော်ခန့် ဖြစ်ပြီး ၁၃၆၀ မဂ္ဂါဝပ်ကို ရန်ကုန်တိုင်းဒေသကြီးမှ  သုံးစွဲလျက်ရှိပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံများဖြစ်သည့် အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ၊ သီလဝါ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားစနစ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော်လည်း ပြည်သူများမှ တိုးမြှင့်သုံးစွဲလျက်ရှိသဖြင့် စီမံကိန်းအသစ်များလည်း တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိနေပါ ကြောင်း၊ ယခုတည်ဆောက်ပြီးစီးသွားသည့် သာကေတ ၁၀၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ အနေဖြင့် တစ်နှစ်လျှင်  လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီသန်းပေါင်း ၈၀၀ ခန့် တိုးတက် ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၄၂,၀၀၀ ခန့် လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပိုလျှံလာပါက အခြားဒေသများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှတစ်ဆင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် စက်စွမ်းရည်ကျဆင်းနေသည့် ဓာတ်အားပေးစက်ရုံများကို အဆင့်မြှင့်တင် ပြင်ဆင်ခြင်း၊ ဓာတ်အားပေး စက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို နိုင်ငံပိုင်ဘတ်ဂျက်မှကျခံ ဆောင်ရွက် ခြင်း၊ ပြည်ပချေးငွေ၊ အထောက်အပံ့ရယူ ဆောင်ရွက်ခြင်းများဖြင့် လုပ်ဆောင်လျက်ရှိပြီး နှစ်အလိုက် တိုးတက်လိုအပ်လာမည့်ဓာတ်အားကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက် ကို အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ရန်အတွက် တည်ဆောက်နေသော အခြားဓာတ်အား ပေးစက်ရုံ ၂ ရုံမှာလည်း မကြာမီ ပြီးစီးတော့မည် ဖြစ်ပါ ကြောင်း၊ အဆိုပါစက်ရုံ ၂ ရုံမှာ မြင်းခြံဒေသတွင်ရှိသည့်  Sembcorp ကုမ္ပဏီမှ တည်ဆောက်နေသည့် ဓာတ်အားပေး စက်ရုံမှ ၂၂၅ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ်၊ မေလတွင်လည်းကောင်း၊ သထုံဒေသ တွင်ရှိသည့်  နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံဝင်းအတွင်း ၁၁၉   မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သော ဓာတ် အားပေးစက်ရုံစီမံကိန်းသည်လည်း ၂၀၁၈ ခုနှစ်၊ ဇွန်လတွင်လည်းကောင်း အသီးသီး ပြီးစီးမည်ဖြစ် သည့်အတွက် စုစုပေါင်း ၃၄၄ မဂ္ဂါဝပ်ကို ဓာတ်အားစနစ်သို့ ဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်သည့်အတွက် ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်သော အကျိုး ကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ U-Energy ကုမ္ပဏီအနေဖြင့်လည်း စီမံကိန်း လုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ဓာတ်အားပေးစက်ရုံ ကိုပြီးစီးအောင် တည်ဆောက်ဓာတ်အား ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခြင်း သည်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုကို ပိုမိုရရှိစေပါကြောင်း၊ ၂၀၁၈ ခုနှစ် အတွင်းတွင်လည်း ထပ်မံ၍ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ပြီးစီး မည်ဖြစ်ပါကြောင်း နှင့် လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံး ပြည့်ပြည့်ဝဝရရှိရေး မိမိတို့ဝန်ကြီးဌာနမှ အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။

              ဆက်လက်၍  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang တို့မှ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားများ ပြောကြားကြပါသည်။

              ၎င်းနောက် UREC(Union Resources & Engineering Co.,Ltd.) ၏ ဥက္ကဌ Mr.Feng Ke မှ ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး စက်ရုံတည်ဆောက်ခဲ့မှု မှတ်တမ်းဗွီဒီယိုအား ပြသရာ ပြည်ထောင်စုဝန်ကြီးများ နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား U Energy Co.,Ltd. မှ တာဝန်ရှိသူမှ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။

              ထို့နောက် သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ အခမ်းအနားအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်း ၊တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးနိုင်လင်းမြင့် သာကေတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်နှင့် ကုမ္ပဏီမှ တာဝန် ရှိသူများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

              ၎င်းနောက် သာကေတ ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအထိမ်းအမှတ်ကမ္ဗည်းမော်ကွန်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့် UREC ၏ ဥက္ကဌ ဖြစ်သူ Mr. Feng Kee  တို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိ သူများသည် ဓာတ်အားပေးစက်ရုံ ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားပေး စက်မောင်းနှင်မှု အခြေအနေများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

Post under by : ဝန်ကြီးရုံး
17-Mar-2018