၂၀၁၈ ခုနှစ်၊ မေလ ( ၁၉ ) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသရှိ Elite Terminal အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန် ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် သီလဝါ ဆိပ်ကမ်းဒေသရှိ Elite Petrochemical Co.,Ltd. ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၊ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ Elite Petrochemical Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးခွင့်ကို ၂၀၁၀ ခုနှစ်ကစတင်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိက LPG တင်သွင်းဖြန့်ဖြူးခွင့်ကိုလည်း ၂၀၁၁ ခုနှစ်ကစပြီး ခွင့်ပြုပေးခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ ပုဂ္ဂလိကလုပ်ငန်းရှင်များအား LPG Terminal များ တည်ဆောက်ရန် တွန်းအားပေးခဲ့ရာ Elite Petrochemical Co.,Ltd. မှ တည်ဆောက်ပြီးစီးသဖြင့် မိမိတို့ဝန်ကြီးဌာနမှ (၁၈-၄-၂၀၁၈) ရက်နေ့တွင် ရေနံ ဓာတ်ငွေ့ရည်ကို ပြည်ပမှ တင်သွင်း၍ တင်/ချ ဆိပ်ခံတံတား အပါအဝင် သိုလှောင် ဖြန်ဖြူခြင်းလိုင်စင်ကို ခွင့်ပြု ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံအတွက် လိုအပ်သော LPG Terminal အသစ် တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းအတွက် များစွာ ဂုဏ်ယူပါကြောင်း၊ LPG သည် သန့်ရှင်းသော လောင်စာအမျိုးအစားဖြစ်ပြီး ထင်းမီးသွေးနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲသည့်နေရာများတွင် အစားထိုးသုံးစွဲနိုင်ပါက ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ သစ်တော ပြုန်းတီးမှု၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတို့ကို လျှော့ချနိုင်သည့်အပြင် လျှပ်စစ်စွမ်းအင်ကို အခြားလိုအပ်သည့်နေရာများ၌ အပြည့်အဝ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် LPG တင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင် ရန် လိုအပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနလက်အောက်ရှိ ရေနံဓာတ်ငွေ့ရည် စက်ရုံ (မင်းဘူး)မှ တနေ့ပျှမ်းမျှ ရေနံဓာတ်ငွေ့ရည် (၁၁)တန်ခန့်နှင့် ရေနံဓာတ်ငွေ့ရည် စက်ရုံ (ညောင်တုန်း)မှ တနေ့ပျှမ်းမျှ ရေနံဓာတ်ငွေ့ရည် (၁၂)တန်ခန့် ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းလိုအပ်ချက်ကို အပြည့်အဝ ဖြည်းဆည်းပေးနိုင်ခြင်းမရှိ၍ ပြည်ပမှ တင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ Elite Petrochemical Co.,Ltd. သည် ရေနံဓာတ်ငွေ့ရည်လုပ်ငန်း လုပ်ကိုင်ရန် ၁၆-၁-၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိခဲ့ပြီး LPG တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် LPG Terminal တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစတင် လုပ်ကိုင်ခဲ့ရာ ယနေ့အချိန်တွင် ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှ တင်သွင်း၍ တင်/ချ ဆိပ်ခံတံတားအပါအဝင် သိုလှောင်စခန်းဖြင့် သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ Elite Petrochemical Co.,Ltd. ၏ LPG Terminal သည် မြန်မာနိုင်ငံအတွက် ပုဂ္ဂလိကကုမ္ပဏီမှ တည်ဆောက်သော ပထမဦးဆုံး Terminal ဖြစ်ပြီး International Safety Standard နှင့် မိမိတို့ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တည်ဆောက် ထားသည့် LPG Terminal ဖြစ်ပါကြောင်း၊ ယခင်က LPG ကို ထိုင်းနိုင်ငံမှတစ်ဆင့် ကုန်းလမ်းဖြင့် တင်သွင်းခြင်းကို အားထားနေခဲ့ရာမှ ယခုအခါ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရှိ LPG Terminal ကို Parami Energy Services Co.,Ltd. သို့ ငှားရမ်းလုပ်ကိုင်စေခြင်း၊ Elite Petrochemical Co.,Ltd. ၏ LPG Terminal အသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့ကြောင့် ရေလမ်းမှ LPG ကို စျေးနှုန်းသက်သာစွာ တင်သွင်းနိုင်မည် ဖြစ်၍ ပြည်သူများ LPG ကို ပိုမိုသုံးစွဲနိုင်ရန်အတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၂၀ ခုနှစ်တွင် LPG ကို ကျေးရွာများအထိ ရောက်ရှိအောင် ဖြန့်ဖြူးသွားရန်နှင့် အိမ်ထောင်စု တစ်သန်း အထိ သုံးစွဲနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေနံဓာတ်ငွေ့ရည် စက်ရုံ (၂)ရုံနှင့် ရန်ကုန်မြို့နှင့် မှော်ဘီမြို့ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်(၄)ဆိုင်တို့ကို ရတနာစုကုမ္ပဏီလီမီတက်သို့ (၂၅-၁၀-၂၀၁၇)ရက်နေ့မှစ၍ နှစ်ရှည် ငှားရမ်းခြင်း၊ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)ရှိ Existing LPG Terminal ကို Parami Energy Services Co.,Ltd. သို့ နှစ်တိုငှားရမ်း လုပ်ကိုင်စေခြင်းဖြင့် ရေနံဓာတ်ငွေ့ရည်ကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ လာနိုင်စေရန် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မန္တလေးတိုင်း ဒေသကြီး မြို့သာစက်မှုဇုန်မှ CSR Project အဖြစ် ကျေးရွာ(၇၂)ရွာကို ဓာတ်ငွေ့ရည် ဖြန့်ဖြူးပေးမည့် LPG Pilot Project တစ်ခုကို ဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ကြီး ဌာနမှ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူးပေးခြင်းနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ LPG ကို တွင်ကျယ်စွာအသုံးပြုခြင်းဖြင့် အကျိုး ကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သော်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့််ဖြူးသုံးစွဲမှု၊ စျေးကွက်၊ စျေးနှုန်း၊ အရည်အသွေး ပြည့်မီမှန်ကန်မှု စသည်တို့တွင် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်း၊ အဓိကစိန်ခေါ်မှုများမှာ LPG နှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲနေဆဲဖြစ်သဖြင့် မထုတ်ပြန်နိုင်သေးခြင်း၊ ဘေးအန္တရာယ် ကင်းစွာ အသုံးပြုနိုင်ရေးအတွက် သုံးစွဲသူပြည်သူများသို့ အသိပညာပေးမှုများ ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန်လိုအပ်နေခြင်း၊ LPG တင်သွင်းဖြန့်ဖြူး နိုင်သည့် Filling Station များ နည်းပါးနေခြင်း၊ နေရာအနှံ့သို့ ပေးပို့နိုင်သည့်စနစ် အားနည်း နေခြင်း စသည့်အချက်များဖြစ်ပြီး Elite Petrochemical Co.,Ltd. အနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာနနှင့်လက်တွဲ၍ ယင်းစိန်ခေါ်မှု များကို တတ်အားသရွေ့ ကူညီဖြေရှင်း သွားပါက မြန်မာနိုင်ငံ၏ LPG Industry သည် ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် LPG ကို မီးဖိုချောင်သုံး အတွက်သာမကဘဲ CNG ကဲ့သို့ မော်တော်ယာဉ်များတွင် သုံးစွဲလာနိုင်ရေးအတွက် စီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု လာနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများအားလုံး ပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် Elite Petrochemical Co.,Ltd. မှ Executive Chairman ဦးအောင်သက်မန်းမှ Elite Terminal အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ရေနံဓာတ်ငွေ့ရည်သိုလှောင်ကန် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
၎င်းနောက် Elite Terminal အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ရေနံ ဓာတ်ငွေ့ရည် သိုလှောင်ကန် ဖွင့်ပွဲအခမ်းအနားကို လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် Elite Petrochemical Co.,Ltd. မှ Executive Chairman ဦးအောင်သက်မန်းတို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် Elite Petrochemical Co.,Ltd. ၏ ထိန်းချုပ်ခန်း(Control Room)အတွင်း ဓာတ်ငွေ့ရည် ထိန်းချုပ် ဖြန့်ဖြူးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။