၂၀၁၈ခုနှစ်၊ ဩဂုတ်လ ( ၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည်ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊အမြဲတမ်းအတွင်းဝန်ဦးတင်မောင်ဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက်၂၀၁၈ခုနှစ်၊ဩဂုတ်လ၄ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးမှ စက်ရုံရှင်းလင်းခန်းမဆောင်၌ စက်ရုံရှိ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် တစ်ရက်လျှင် ယူရီးယား ဓာတ်မြေသြဇာတန် ၄၀၀ ကျော် စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနိုင်သည့်အတွက် ချီးကျူးဂုဏ်ပြုလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊နိုင်ငံတော်၏ ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် အရည်အသွေးပြည့်၀သည့် ဓာတ်မြေသြဇာများ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးရန်၊ စီးပွားရေးအရတွက်ခြေကိုက်ပြီး အောင်မြင်သည့် စက်ရုံတစ်ရုံဖြစ်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးကို အားလုံးဝိုင်း၀န်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ထို့နောက် ခေတ္တစက်ရုံမှူးမှ စက်ရုံသမိုင်းကြောင်း၊ ယူရီးယားဓာတ်မြေဩဇာထုတ်လုပ်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးဦးအောင်မြင့်မှဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။တင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်မားရေး၊ စက်ရုံသုံး စက်ပစ္စည်းများကြံ့ခိုင်မှုရှိစေရေး၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်ရုံ၏လုံခြုံရေးတို့ကို စနစ်တကျစီမံချက်ချမှတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီးစက်ရုံအတွင်းရှိ Central Control Room တွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံ ထိန်းချုပ်လည်ပတ်နေမှု၊ ယူရီးယားဖြန့်ဖြူးရေးဌာနတွင် ယူရီးယားဓာတ်မြေဩဇာများထုတ်လုပ်ဖြန့်ဖြူးနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင်တည်ရှိပြီး နိုင်ငံတော်၏လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၀၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Huanqiu Contracting & Engineering Corporation (HQCEC) နှင့်စာချုပ်ချုပ်ဆို၍ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၀ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ယူရီးယားဓာတ်မြေဩဇာများထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။ စက်ထိန်းချုပ်သည့်စနစ်မှာ Distributed Control System (DCS)ဖြစ်ပြီး တစ်ရက်သတ်မှတ်ထုတ်လုပ်နိုင်မှုစွမ်းအားမှာယူရီးယားဓာတ်မြေသြဇာတန် ၅၀၀ ဖြစ်ပြီး လက်ရှိထုတ်လုပ်နိုင်မှုမှာ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာတန် ၄၂၀ ကျော်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။